ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ယခု နွေရာသီမှာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားရမှာ လုံးဝ အဆင်မပြေတော့ပါက အစားထိုး ခေါ်ယူမယ့် ကစားသမားကို ရှာတွေ့ထားပြီးပြီ ဖြစ်ကြောင်း အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ မန်ယူအသင်းဟာ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူချင်နေပေမယ့် ဆန်ချိုအတွက် ဒေါ့မွန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို ပေးချေဖို့ လက်တွန့်နေပြီး အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေဟာ မတိုးတက်ပဲ ရပ်တန့်နေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် နှစ်ဦး ဖြစ်တဲ့ Fabrizio Romanoနဲ့ Falk တို့ရဲ့ အဆိုအရ ဆန်ချိုဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ အတွက် အသင့် ဖြစ်နေပေမယ့် မန်ယူအသင်းဟာ ဒေါ့မွန်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို တစ်ခါထဲ ပေးချေဖို့ အဆင်မပြေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ဟာ ခက်ခဲနေကာ မန်ယူအသင်းအနေနဲ့ ဆန်ချိုကို ခေါ်ယူဖို့ အဆင်မပြေပါက အစားထိုး ခေါ်ယူမယ့် ကစားသမားကို ရှာဖွေထားပြီးပြီ ဖြစ်တယ် လို့ သိထားရပါတယ်။ မန်ယူအသင်းက ဆန်ချိုအစား ခေါ်ယူမယ့် ကစားသမားဟာ ဘယ်သူလဲ ဆိုတာ အတိအကျ မသိသေးပေမယ့် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ The Independent သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တဲ့ ဝက်ဖို့ဒ်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဆားလ်ကို ခေါ်ယူဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

Photo Credit: Mirror

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဆီနီဂေါ ကစားသမား အစ္စမိုင်လာ ဆားလ်ဟာ ညာတောင်ပံ ကစားသမား တစ်ဦး ဖြစ်တာကြောင့် မန်ယူအသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေပြီး The Independent သတင်းဌာနရဲ့ နာမည်ကြီး သတင်းထောက် မီဂွယ် ဒီလာနေးရဲ့ ပြောပြချက် အရတော့ မန်ယူအသင်းဟာ ဆားလ်အတွက် ဝက်ဖို့ဒ်အသင်းနဲ့ စတင် ချိတ်ဆက်နေတယ်လို့ သိထားရပါတယ်။ မန်ယူအသင်းဟာ အသက် ၂၂နှစ် အရွယ် ဆားလ်အတွက် ဝက်ဖို့ဒ်အသင်းထံကို အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်း ပေးချေရလိမ့်မယ် လို့ ဒီလာနေးက ခန့်မှန်းထားပြီး ကစားသမား ကိုယ်တိုင်ကလည်း တန်းဆင်းသွားတဲ့ ဝက်ဖို့ဒ်အသင်းထံကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာကြောင့် မန်ယူအသင်းကသာ ဆားလ်ကို တရားဝင် ကမ်းလှမ်းပါက ဝက်ဖို့ဒ်အသင်းဘက်က ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံသွားနိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။