ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် ဆောင်းဈေးကွက်မှာ စတုဂတ်တိုက်စစ်မှူး ဂွီရက်ဆီကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ထိပ်တန်းအသင်း တသင်း ဖြစ်တာနဲ့အညီ သူတို့အသင်းရဲ့ နေရာစုံမှာ ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်းက အတော်လေးကို အင်အားနည်းနေပြီး ယူနိုက်တက်ဟာ ဟွိုက်လန်းနဲ့ မာရှယ် စတဲ့ တိုက်စစ်မှူး ၂ဦးထဲကိုသာ ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Football 365

ယူနိုက်တက်က တိုက်စစ်မှူး ၂ဦးထဲသာ ပိုင်ဆိုင်ထားသလို ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူး ၂ဦးစလုံးက မကြာခဏ ဒဏ်ရာရနေသလို ပုံမှန် ဂိုးသွင်းနိုင်ခြင်းလည်း မရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က လာမယ့် ဆောင်းဈေးကွက်မှာ တိုက်စစ်မှူးသစ် တဦး ခေါ်ယူပေးဖို့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ ခေါ်ယူနိုင်မယ့် အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေနေပြီး သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဗာနာနဲ့ ဂွီရက်ဆီတို့ ပါဝင်နေပါတယ်။

Photo Credit: Team Talk

အသက် ၂၇နှစ် အရွယ် ဂီနီရာ တိုက်စစ်မှူး ဂွီရက်ဆီက ယခုနှစ် ဘောလုံးရာသီ အစကမှ ရန်းနက်စ် ကနေ စတုဂတ်ထံ ပြောင်းရွှေ့ကြေး ယူရို ၉သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက စတုဂတ်ဆီ ရောက်တာ မကြာသေးပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေသလို စတုဂတ်အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က စတုဂတ်နဲ့ တောက်ပနေတဲ့ ဂွီရက်ဆီကို ခေါ်ယူဖို့ စုံစမ်းမှုတွေ လုပ်ထားပြီး ဂွီရက်ဆီရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၁၇သန်းသာ ရှိတာကြောင့် ယူနိုက်တက်က ဂွီရက်ဆီကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူနိုင်ကြောင်း သိရပါတယ်။