အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ အေဂျက်အသင်း ကနေ ဘာစီလိုနာအသင်းထံ ၂၀၁၉ခုနှစ်ကမှ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

Photo Credit: 90Mins

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ သမိုင်းတလျှောက် အဆိုးဝါးဆုံး ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရမယ့် ကစားသမား တချို့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်ထားပြီး အဆိုပါ ကစားသမားတွေထဲမှာ ဒီဂျောင်လည်း ပါဝင်နေပါတယ်။

ဒါကြောင့်ပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အရည်အသွေးမြင့် ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူဖို့ ချိန်ရွယ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၅၅သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။

Photo Credit: 90Mins

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ကို ခေါ်ယူပါက ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် အသုံးပြုရဖို့ ရှိနေတာကြောင့် ဒီဂျောင်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ကာ ခေါ်ယူဖို့ စီစဉ်ထားကြောင်းနဲ့ အသင်းဖော်ဟောင်း ဗန်ဒီဘိခ် ရှိနေတဲ့ အနေအထားကြောင့် ဒီဂျောင် တယောက် အသင်းဆီ ပြောင်းရွှေ့လာမယ်လို့ သုံးသပ်ထားကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ပိုချက်တီနိုကလည်း ဗန်ဒီဘိခ်နဲ့ ဒီဂျောင်တို့ကို အေဂျက်အသင်းမှာ ရှိနေစဉ်ကတည်းက သဘောကျတာကြောင့် ပိုချက်တီနို တယောက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်လာခဲ့ရင်လည်း ဒီဂျောင်ကို ခေါ်ယူပေးဖို့ တောင်းဆိုဖွယ် ရှိကြောင်း ပြင်သစ် သတင်းထောက်တွေက ဆိုပါတယ်။