ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အားနည်းနေတဲ့ ခံစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ အတွက် အင်တာမီလန် ဗဟိုနောက်ခံလူ ဘာစတိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဟယ်ရီ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ ဗာရန်း ၊ ဘိုင်လီ ၊ ဖီးလ်ဂျုံးစ် စတဲ့ ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဘိုင်လီနဲ့ ဖီးလ်ဂျုံးစ်တို့ရဲ့ ခြေစွမ်းပိုင်းဟာ အသင်းရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီခြင်း မရှိသလို ဗာရန်းကလည်း မကြာခဏ ဆိုသလို ဒဏ်ရာတွေ ရလေ့ ရှိတာကြောင့် ထိပ်တန်း ခံစစ်မှူး တဦးကို ခေါ်ယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၃နှစ် အရွယ် အီတလီ လက်ရွေးစင် ဗဟိုခံစစ်မှူး ဘာစတိုနီက အင်တာမီလန်နဲ့ အတူ တောက်ပနေတဲ့ အရည်အသွေးမြင့် လူငယ် ခံစစ်မှူး တဦး ဖြစ်သလို ခံစစ်ကြောင်းကနေ တိုက်စစ်ပိုင်းကို ဘောလုံးဖြန့်ဝေနိုင်စွမ်း မြင့်မားသလို အမြင့်ဘောတွေကိုလည်း ပိုင်နိုင်တာကြောင့် အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ခံစစ်မှူး ဆယ်ဦး စာရင်းဝင် အဖြစ် သတ်မှတ်ခံထားရသူပါ။

ဒါကြောင့်လည်း ဥရောပ နာမည်ကြီးအသင်း အတော်များများက ဘာစတိုနီကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပြီး ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ဘာစတိုနီကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေပါ စတင် ပြုလုပ်ထားပါတယ်။

Photo Credit: Metro

ဒါပေမယ့် ဘာစတိုနီကတော့ အင်တာမီလန်ကနေ ထွက်ခွာခဲ့ရရင် စပါးထက် အစဉ်အလာ ပိုရှိသလို အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျသေချာတဲ့ အစီအစဉ်တွေ ရှိတဲ့ အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ထားကာ မန်ချက်စတာ ယူနိုက်တက်က အေဂျက် နောက်ခံလူ တင်ဘားစ်ကို ခေါ်ယူဖို့ ခက်ခဲနေချိန်မှာ ဘာစတိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက ဖော်ပြသွားပါတယ်။

ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဘာစတိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားလာသလို အင်တာမီလန်ဘက်က ဘာစတိုနီအတွက် တောင်းဆိုမယ့် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကျော်ကို ပေးချေနိုင်တဲ့ အနေအထား တရပ်မှာ ရှိနေတာကြောင့် ဘာစတိုနီက စပါးထက် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ပိုမို နီးစပ်နေကြောင်း သိရပါတယ်။