ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ဘိုလော့ဂ်နာ တိုက်စစ်မှူး ဇက်ဇီကို ခေါ်ယူဖို့ မျက်စိကျနေပြီး ဇက်ဇီအတွက် စုံစမ်းမှု တချို့ပါ လုပ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ ဟွိုက်လန်းနဲ့ မာရှယ် စတဲ့ တိုက်စစ်မှူး ၂ဦးသာ ပိုင်ဆိုင်ထားသလို နှစ်ဦးစလုံးကလည်း မကြာခဏ ဒဏ်ရာရလေ့ ရှိတာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာ အသင့်သုံး တိုက်စစ်မှူး ၁ဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Team Talk

လက်ရှိမှာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အငှားနဲ့ ခေါ်ယူလို့ ရမယ့် ရေတိုသုံး တိုက်စစ်မှူးတွေကို လိုက်လံ ချိတ်ဆက်နေပေမယ့် ပြောင်းရွှေ့ကြေး နည်းပါးတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူးမျိုး ရှာတွေ့ရင်လည်း ခေါ်ယူဖို့ အဆင်သင့် ပြင်ဆင်ထားပြီး ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ဘိုလော့ဂ်နာနဲ့အတူ တောက်ပနေတဲ့ ဇက်ဇီလည်း ပါဝင်ပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် ယူ-၂၁ လက်ရွေးစင် တိုက်စစ်မှူး ဇက်ဇီက ယခုနှစ် ဘောလုံးရာသီမှာ ဘိုလော့ဂ်နာရဲ့ တိုက်စစ်ကို အဓိက ဦးဆောင် ကစားနေသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘိုလော့ဂ်နာ အတွက်  ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

Photo Credit: Standard

ဇက်ဇီက လျင်မြန်ကာ လိမ်ခေါက် ဖြတ်ကျော်မှုတွေ လုပ်နိုင်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်ပြီး သူ့ရဲ့ ကစားပုံက လီဗာပူးကြယ်ပွင့် မိုဟာမက် ဆာလာနဲ့တောင် ဆင်ပါတယ်။ ဒါ့အပြင် ဇက်ဇီက အထောင်တိုက်စစ် ၊ နောက်ချန်တိုက်စစ် ၊ ဘယ်တောင်ပံနဲ့ ညာတောင်ပံ စတဲ့ တိုက်စစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဇက်ဇီကို ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့ ဖြစ်နိုင် ၊ မဖြစ်နိုင် ဆိုတာကို စုံစမ်းမှုတွေ လုပ်ထားပြီး ဇက်ဇီရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၃၅သန်း ဖြစ်ကြောင်း သိရပါတယ်။