မနေ့ညနေ အစောပိုင်းက အိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့ နောက်ခံအစွန်လူ လုခ်ရှောတို့ (၂)ယောက်လုံးဟာ ဗီလာရီးယဲလ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)ကို လွဲချော်ရနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရလဒ်ကောင်းတွေ ရှိနေပြီး ရှုံးပွဲမရှိ ရှေ့ဆက်နေပေမယ့်လည်း ဗီလာအသင်းကို အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ဧည့်ခံကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၆)မှာတော့ ဗီလာနောက်ခံလူ ဟောက်စ်ရဲ့ နောက်ကျသွင်းဂိုးတစ်ဂိုးတည်းနဲ့ ရှုံးပွဲစတင် တွေ့ရှိခဲ့ရသလို အသင်းရဲ့ အဓိက ကစားသမား(၂)ဦးဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ကပါ ဒဏ်ရာအသီးသီး ရရှိသွားခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောက (၃၄)မိနစ်အတွင်း ပေါင်ခြံဒဏ်ရာ ရရှိ်သွားခဲ့တာကြောင့် ဒါလော့နဲ့ လူစားလဲခဲ့ရပြီး ဒုတိယပိုင်း ပွဲကစားချိန်မှာလည်း အသင်းခေါင်းဆောင် မက်ဂွိုင်းယားကပါ ဒဏ်ရာရသွားခဲ့ပြန်တာကြောင့် (၆၇)မိနစ်မှာပဲ လင်ဒီလော့နဲ့ လဲလှယ်သွားခဲ့ရပါတယ်။

Photo Credit : Manchester Evening News

ကစားသမား(၂)ဦးလုံးရဲ့ ဒဏ်ရာအနေအထားအရ အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ဒဏ်ရာအခြေအနေက သိပ်မဆိုးလောက်ပေမယ့်လည်း လာမယ့်ကြားရက်မှာ ဗီလာရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ကစားသမား(၂)ဦးလုံးကို အနားပေးရဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ဗီလာရီးယဲလ်နဲ့ ရင်ဆိုင်ပြီးရင် အဲဗာတန် လက်စတာအသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိ်ဂ်ပွဲ လီဗာပူးလ် စပါးအသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲတွေအဖြစ် ပွဲကျပ်တွေကို ဆက်တိုက်တွေ့ကြုံထားရတော့မှာဖြစ်လို့ လုခ်ရှော မက်ဂွိုင်းယားတို့ရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်စရာ အနေအထားမှာသာ ရှိနေရမယ်ဆိုရင် ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာရနိုင်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဖွင့်ပွဲစဉ်အတွင်း ယန်းဘွိုင်းစ်အသင်းကို အရေးနိမ့်ထားတာဖြစ်လို့ ဗီလာရီးယဲလ်ကို ဧည့်ခံကစားရမယ့် ပွဲစဉ်အတွင်း မဖြစ်မနေ အနိုင်ယူဖို့ပါ လိုအပ်လျက် ရှိနေပါတယ်။