မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေက နေ့စဉ်နေ့စဉ်အတိုင်း ထွက်ပေါ်လျက်ရှိနေပြီး အခုလည်း ယူနိုက်တက်က ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့်လေး ဖလော်ရန်တီနိုလူးဝစ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလျက်ရှိနေတဲ့အပြင် ကစားသမားရဲ့အေးဂျင့်နဲ့ပါ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့ပါ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကစားသမားလေးကို လိဒ်ယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိနေသလို ဥရောပထိပ်သီးအသင်းတွေကလည်း လူးဝစ်ရဲ့အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Photo Credit : MUFCLastest

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ လစ္စဘွန်းနွယ်ဖွား ပေါ်တူဂီလူငယ်ကစားသမားလေး ဖလော်ရန်တီလူးဝစ်ကို ယူနိုက်တက်အသင်းကနေ ခေါ်ယူဖို့အတွက် ဇန်နဝါရီလကတည်းက ကြိုးပမ်းခဲ့တာဖြစ်ကြောင်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ကာဗယ်ဟိုဆန်းတို့စ်က ပြောဆိုခဲ့သလို လက်ရှိမှာလည်း ကစားသမားခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေသေးတယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ကွင်းလယ်ခံစစ်ပိုင်းမှာ အဓိက ကစားတတ်သူဖြစ်တဲ့ လူးဝစ်ဟာ ဘင်ဖီကာအသင်းမှာ ၂၀၁၀ခုနှစ်ကတည်းက ပါဝင်ကစားခဲ့သူဖြစ်ကာ အသင်းနဲ့ ၂၀၂၄ခုနှစ်အထိကို စာချုပ်သက်တမ်း ရှိထားသူလည်းဖြစ်ပါတယ်။

Photo Credit : Transfermarket

လူးဝစ်ဟာ ဘင်ဖီကာလူငယ်အသင်းကနေ ဘင်ဖီကာစီနီယာအသင်းကြီးမှာ ၂၀၁၉ခုနှစ်အတွင်း စတင်ဝင်ရောက်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၁၅)ပွဲအထိကို ပါဝင်ကစားထားပေးသူဖြစ်ပါတယ်။ လူးဝစ်က ကွင်းလယ်မှာ အသင်းဖော်တွေရဲ့ ဘောလုံးဆုံးရှံးမှုတိုင်းမှာ ဘောလုံးပြန်ဆည်ယူနိုင်သလို ကွင်းလယ်ကနေလည်း တဖက်အသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးဟန့်တားတတ်လို့ သူ့ကို ရေဘဝဲလို့ပါ နာမည်ပြောင်ပေးထားခံရပါတယ်။ လူးဝစ်ကို ယူနိုက်တက်အသင်းဘက်ကနေ စိတ်ဝင်စားခြင်းမရှိခင်ကတည်းက လေဗာကူဆင် ရီးရဲလ်ဘက်တစ်နဲ့ လိဒ်ယူနိုက်တက်အသင်းတို့က အပြိုင်စိတ်ဝင်စားခဲ့ရတာဖြစ်ပြီး ကစားသမားဖြစ်သူကို ခေါ်ယူချင်နေကြပေမယ့် သူရဲ့စာချုပ်လျော်ကြေးပမာဏ ပေါင်(၅၂)သန်းအထိကို များပြားလွန်းနေတာကြောင့် ခေါ်ယူဖို့ ခက်ခဲနေရသလို ဘင်ဖီကာဘက်ကလည်း သူတို့ကစားသမားကို ရောင်းချဖို့ထက် စာချုပ်သက်တမ်းတိုးဖို့ကိုသာ အစီအစဉ်ရှိနေတာကြောင့် ကမ်းလှမ်းမှုတိုင်းကို ငြင်းဆန်သွားဖွယ်ရှိနေပါတယ်။