လာမယ့်နွေမှာ ဘိုင်ယန်မြူးနစ်အသင်းကို ကျောခိုင်းသွားဖွယ် ရှိနေတဲ့ ပိုလန်ဂိုးမုဆိုးကြီး ရောဘတ်လီဝန်ဒေါစကီးဟာ လတ်တလောမှာ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့ပေမယ့်လည်း ဘာစီလိုနာဘက်က လီဝန်ဒေါစကီးကို ခေါ်ယူသွားဖို့ မတတ်နိုင်တာကြောင့် တိုက်စစ်အားဖြည့်ဖို့ လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကသာ လီဝန်ကို ခေါ်ယူနိုင်ဖို့ ပိုမိုအရှိန်အဟုန်မြင့် ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

Photo Credit : Bayern Strike

အသက်(၃၃)နှစ်အရွှယ် ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး အသင်းဘက်က သက်တမ်းတိုးချင်ပေမယ့် ကစားသမားဘက်က သူရဲ့ကစားသမားဘဝ မကုန်ဆုံးခင်မှာ နောက်ထပ် အတွေ့အကြုံသစ်တွေ ရှာဖွေသွားဖို့အတွက် အသင်းပြောင်းချင်နေတာ ဖြစ်ပါတယ်။ ဂိုးသွင်းအား အထူးကောင်းမွန်တဲ့ လီဝန်ဒေါစကီးကို ကလပ်အသင်းတိုင်း ခေါ်ယူချင်နေကြပြီး ဘာစီလိုနာအသင်းနဲ့ သတင်းတွေလည်း တောက်လျှောက် ထွက်ပေါ်နေပေမယ့် ESPN ကနေ ဖော်ပြလာချက်အရ ဘာစီလိုနာဟာ လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် ဘိုင်ယန်ဘက်က တောင်းဆိုလာမယ့် ပြောင်းရွှေ့ကြေးကို ပေးချေနိုင်မှာ မလွယ်ကူလို့ လက်လျှော့ရဖွယ် ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Photo Credit : 90Min

လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ တင်းကျပ်တဲ့ ဘဏ္ဍာရေး ကန့်သတ်ချက်များအောက်မှာ လည်ပတ်နေရပြီး ဒီအခြေအနေအရ အသုံးစရိတ်အဖြစ် တစ်ပေါင်ခန့် အသုံးပြုတိုင်းမှာ (၄)ပေါင်လောက်အထိ ပြန်လည်ရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးရဲ့ လက်ရှိတန်ကြေးအရ ပေါင်(၄၅)သန်းလောက် ရှိနေနိုင်တာမို့ ဘာစီလိုနာအနေနဲ့ လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် တစ်ဖက်ကလည်း ပေါင်သန်း(၁၈၀)လောက်အထိ ပြန်ရဖို့ကပါ လိုအပ်နေတာကြောင့် ဒါက ဘာစီလိုနာအတွက် အကျပ်ရိုက်စေနိုင်ပါတယ်။ ဒီလို အခြေအနေဟာ လီဝန်ဒေါစကီးကို ပစ်မှတ်ထားနေတဲ့ အခြားသော အသင်းတွေအတွက် သတင်းကောင်းလို ဖြစ်သွားခဲ့ရပြီး လီဝန်ဒေါစကီးကိုလည်း အသင်းကြီးများစွာက စိတ်ဝင်စားနေတယ်ဆိုပေမယ့် အဲ့ဒီအသင်းတွေထဲမှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ တကယ်လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အတွက်က လီဝန်ကို အရခေါ်ယူဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းလာနိုင်ဖွယ် ရှိနေရပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ ရော်နယ်လ်ဒို ကာဗာနီတို့ကို လက်လွတ်ရနိုင်ပြီး ဂရင်းဝုဒ်ကလည်း အမှုရင်ဆိုင်နေရသလို အငှားချထားတဲ့ မာစီယဲလ်နဲ့ ခြေစွမ်းပိုင်း ကျဆင်းလို့နေတဲ့ ရပ်ရှ်ဖို့ဒ်တို့ရဲ့ အနာဂတ်တွေကလည်း မရေမရာ ဖြစ်နေရပါတယ်။