ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်(၅)ကို ကျင်းပခဲ့ပြီးချိန်မှာ (၁၆)သင်းရှုံးထွက်အဆင့်ကို တတ်လှမ်းသွားခဲ့တဲ့ ကလပ်အသင်းတွေ များစွာပေါ်ထွက်လာခဲ့ပြီး ကလပ်အသင်း(၅)သင်းဆိုရင်လည်း အုပ်စုဗိုလ်နေရာနဲ့ ရှံးထွက်အဆင့်ကို တတ်လှမ်းနိုင်ခဲ့ရပါတယ်။ ဒီလို အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့် တတ်လှမ်းသွားတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ် လီဗာပူးလ် အေဂျက်စ် မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ပါဝင်နေခဲ့ရပြီး လာမယ့် ရှုံးထွက်အဆင့်မှာ အုပ်စုဒုတိယနေရာ(နိုင်ငံတူ ကလပ်အသင်းတွေကလွဲပြီး) ရရှိထထားတဲ့ ကလပ်အသင်းတွေနဲ့ ထိပ်တိုက်ဆုံတွေ့ရစရာ ရှိနေရပါတယ်။

Photo Credit : Manchester United

ဒီတစ်ပတ်တာရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအပြီးမှာ နည်းပြဆိုးလ်ရှားနဲ့ လမ်းခွဲထားရပြီး ဆိုးလ်ရှားရဲ့ နည်းပြအဖွဲ့ဝင် မိုက်ကယ်ကာရစ် ယာယီနည်းပြအဖြစ် ကိုင်တွယ်ပွဲထွက်လာခဲ့တဲ့ ယူနိုက်တက်အသင်းက ဗီလာရီးယဲလ်ကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး တစ်ဖက်က အတ္တလန်တာအသင်း သရေပွဲကြောင့် အုပ်စုပထမနေရာကို ပိုင်ဆိုင်ခဲ့ရသလို ယူနိုက်တက်ရဲ့ မြို့ခံအသင်း မန်စီးတီးကလည်း မနေ့ညက ပီအက်စ်ဂျီအသင်းကို အနိုင်ရလိုက်တဲ့အတွက် အုပ်စုပထမနေရာကို သေချာသွားခဲ့ရပြီး မန်စီးတီးကို အရေးနိမ့်ခဲ့ရတဲ့ ပီအက်စ်ဂျီကလည်း အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းခွင့် ရသွားခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေမျိုးမှာ နည်းပြမာရီစီယိုပိုချက်တီနိုရဲ့ ပီအက်စ်ဂျီအသင်းနဲ့ သူနဲ့ လတ်တလောမှာ ကောလဟာလတွေ အတော်လေးကို ထွက်ပေါ်လျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ လာမယ့် (၁၆)သင်းအဆင့်မှာ ထိပ်တိုက်ရင်ဆိုင်ရဖွယ် ရှိလို့နေပြီး ဒီလို တွေ့ဆုံမှု မတိုင်ခင်မှာပဲ ပိုချက်တီနိုက လက်ရှိကလပ်မှာပဲ ရှိနေနိုင်မလား အင်္ဂလန်ကိုပြန်ပြီး ကလပ်အသင်းသစ်ကို ကိုင်တွယ်ကာ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်မလားဆိုတာ အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။ လက်ရှိအချိန်မှာ ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုဒုတိယနေရာ သေချာပေါက် ရယူထားနိုင်ခဲ့တဲ့ ကလပ်အသင်း(၂)သင်း ပေါ်ထွက်နေခဲ့ပြီး ဒီအသင်းတွေက ပီအက်စ်ဂျီနဲ့ စပို့တင်းလစ္စဘွန်းအသင်းတွေ ဖြစ်နေတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လတ်တလောမှာ ဒီအသင်းတွေနဲ့ နောက်တစ်ဆင့်မှာ ရင်ဆိုင်တွေ့ဆုံရဖွယ် ရှိနေသလို ဒါမှမဟုတ်ရင်လည်း နောက်တစ်ဆင့်ကို တတ်လှမ်းခွင့်ရထားခဲ့တဲ့ အသင်းတွေထဲက ရီးယဲလ် အင်တာ ဂျုဗင်တပ်စ် အစရှိတဲ့ အသင်းတွေထဲက တစ်သင်းသင်းနဲ့လည်း ပွဲကျပ်တွေအဖြစ် ရင်ဆိုင်ရဖွယ် ရှိနေရပါတယ်။