ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ ရိုက်ခတ်မှုတွေကတော့ ကမ္ဘာ့နယ်ပယ်ပေါင်းစုံကို ထိခိုက်မှုတွေ ရှိခဲ့ရပြီး ဘောလုံးနယ်ပယ်အတွက် ဆိုးကျိုးတွေ အတော်လေးကို ဖြစ်ပွားခဲ့ရပါတယ်။ ဘောလုံးသမားတွေ ကိုဗစ်ကူးစက်မှု ဖြစ်သွားတာကြောင့် အနည်းဆုံး (၂)ပတ်ခန့် အသင်းရဲ့ ပွဲစဉ်တွေ လွဲချော်ခဲ့ရတာ ဘောလုံးပွဲတွေထဲမှာ ပရိသတ် မပါဝင်ပဲ ကျင်းပရတာ ကျင်းပဖို့ ရှိနေတဲ့ ပွဲစဉ်တွေကို ပုံမှန်အတိုင်း ကျင်းပဖို့ မဖြစ်တော့ပဲ ရွေ့ဆိုင်းလိုက်ရတာ အစရှိတဲ့ ကိုဗစ် နောက်ဆက်တွဲ ဂယက်တွေက ဘောလုံးနယ်ပယ်အတွက် အတော်လေးကို ဆိုးရွားစေခဲ့ရတာ အသေအချာပါပဲ။

Photo Credit : Goal

အခုလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲဗိုင်းရပ်စ် အိုမီခရွန်က ဥရောပတခွင်မှာ ပျံ့ပွားမှုတွေ အရှိန်အဟုန် မြင့်တတ်လာသလို ပရီးမီးယားလိဂ် ကလပ်အသင်းတွေလည်း နောက်ထပ် ကိုဗစ်ရဲ့ ဒဏ်တွေကို ထပ်မံခံစားလာရပါတော့တယ်။ ဒီထဲမှာ စပါးအသင်းက ပထမဦးဆုံးဖြစ်ပြီး စပါးနဲ့နောက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းပါ ကိုဗစ်ရဲ့ဒဏ်ကို ထပ်မံခံစားနေရပြီ ဖြစ်ပါတယ်။ နောဝစ်ချ်ကို အနိုင်ရပြီးတဲ့နောက် အသင်းအတွင်း ကိုဗစ်ကူးစက်မှုတွေ ရှိနေတဲ့အတွက် အသင်းရဲ့ လေ့ကျင့်ရေးကွင်း ကာရင်တန်ကို (၂၄)နာရီကြာ ပိတ်ထားရတဲ့အပြင် ဒီတစ်ပတ် ကြားရက်မှာ ဘရန့်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ ရွှေ့ဆိုင်းလိုက်ရပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေတွေကနေ ဗုဒ္ဓဟူးနေ့ ဗြိတိန်စံတော်ချိန် မနက်(၁၀)နာရီမှာပဲ ယူနိုက်တက် ကစားသမားတွေ ကာရင်တန် လေ့ကျင့်ရေးကွင်းဆီကို ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ရာမှာ ကစားသမား(၂)ဦးခန့်လောက် Positive ပြနေတဲ့အတွက် လေ့ကျင့်ရေးကွင်းကနေ ချက်ချင်းပြန်လည်စေလွှတ်ခဲ့ရတယ်လို့ Daily Mail ကနေ ဖော်ပြထားပါတယ်။ အင်္ဂါနေ့ကတော့ ယူနိုက်တက်အသင်းရဲ့ ပထမအသင်း စီနီယာကစားသမားတွေကလွဲပြီး ယူ-၂၃အသင်း ယူ-၁၈အသင်းနဲ့ အမျိုးသမီးအသင်းတို့ရဲ့ လေ့ကျင့်မှုတွေကို ကာရင်တန် လေ့ကျင့်ရေးကွင်းအတွင်းမှာပဲ ပြုလုပ်ခဲ့ပြီး ဝန်ထမ်းပေါင်း (၁၃၀)နီးပါးလည်း အတူရှိနေခဲ့တယ်လို့ Mail Online ကနေ ဆက်လက်ဖော်ပြထားပါတယ်။ အခုလို ကိုဗစ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် စနေနေ့ အိုးထရက်ဖိုဒ့်မှာ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ကိုပါ ထပ်မံရွှေ့ဆိုင်းရနိုင်ပြီး ဘရိုက်တန်အသင်းကိုယ်တိုင်ကလည်း ကိုဗစ်ရိုက်ခတ်မှုရဲ့ဒဏ်ကို ခံစားနေရတဲ့ အသင်းတစ်သင်း ဖြစ်နေတဲ့အတွက် ဒီပွဲကိုပါ ထပ်မံရွှေ့ဆိုင်းဖို့ သေချာသွားမယ်ဆိုရင် ယူနိုက်တက်အသင်းအနေနဲ့ နောက်ပိုင်းကာလမှာ ပွဲစဉ်ဇယားတွေ ပိုကျပ်သွားနိုင်ပါတယ်။