MySport Myanmar

အင်တာ တိုက်စစ်မှူး မာတီနက်ဇ်ရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ အားအနည်းဆုံးနေရာ ဖြစ်နေရတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် အင်တာမီလန်အသင်း တိုက်စစ်ကစားသမား လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူသွားချင်နေပြီး လက်ရှိမှာ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ အီတလီ အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

La Gazzetta dello Sports သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ စူပါစတား တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုကို လက်လွတ်လိုက်ရမယ်ဆိုရင် ရော်နယ်လ်ဒိုနေရာမှာ အစားထိုးဖို့အတွက် အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်ဇ်ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ စပါးကို အနိုင်ရတဲ့ ပွဲစဉ်အတွင်းမှာပဲ ပွဲမပြီးခင် ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ရာကနေ စတင်ပြီး နည်းပြတန်ဟက်ဂ်က ရော်နယ်လ်ဒိုကို ချယ်လ်ဆီးနဲ့ပွဲမှာ ချန်လှပ်ခဲ့ပြီး အသင်းနဲ့ပါ လေ့ကျင့်ခန်း ပြုလုပ်ခွင့် မပေးပဲ ဒီကနေ့မှသာ အသင်းလိုက် လေ့ကျင့်ခွင့်ပြုလာခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

လက်ရှိမှာ ရော်နယ်လ်ဒိုက အသင်းဖော်တွေနဲ့ ပူးပေါင်းပြီး လေ့ကျင့်ခန်းဆင်းနေရပြီ ဖြစ်ပေမယ့်လည်း သူရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ်က မရေမရာ ဖြစ်နေရသေးသလို သူ ကိုယ်တိုင်ကလည်း အသင်းနဲ့ လမ်းခွဲချင်လာနိုင်တာကြောင့် ရော်နယ်လ်ဒို မရှိတော့မယ့်အချိန်မှာ သူရဲ့ကွက်လပ်ကို ဖြည့်စွမ်းဖို့အတွက် အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေကို ရှာဖွေလာခဲ့ရာ အင်တာ တိုက်စစ်မှူး မာတီနက်ဇ်ကို တွေ့ရှိထားခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ဟာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ် သဘောကျတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အင်တာမှာလည်း main player အဖြစ် ပါဝင်နေရသလို ဒီရာသီမှာလည်း အင်တာအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲ ကစားထားရာ (၇)ဂိုးသွင်း (၃)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ မာတီနက်ဇ်ဟာ အင်တာအသင်းနဲ့ ၂၀၂၆ခုနှစ်အထိ နှစ်ရှည် စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို သူရဲ့ လက်ရှိ တန်ကြေးဟာလည်း ယူရို(၈၂.၅)သန်းလောက်အထိကို ရှိနေတာဖြစ်လို့ ဒီအခြေအနေတွေက ယူနိုက်တက်အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့ ခဲယဉ်းလာနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က လက်ရှိမှာ တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိနေတဲ့အတွက် ဒီလိုအပ်ချက်ကို ငွေကြေးများစွာ ရင်းနှီးမြှပ်နှံသွားမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Exit mobile version