မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာပဲ လက်စတာအသင်းကနေ အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း သူ့ကို မခေါ်ယူနိုင်ခင်တုန်းက နာပိုလီနောက်ခံလူ ကူလီဘလီကို ခေါ်ယူဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့သေးပြီး မအောင်မြင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ယူနိုက်တက်ဟာ မက်ဂွိုင်းယားကို ခေါ်ယူထားနိုင်ခဲ့သည့်တိုင်အောင် ကူလီဘလီကို ခေါ်ယူဖို့အရေးမှာလည်း လက်မလျှော့နိုင်သေးပဲ ကမ်းလှမ်းချက်တွေ ပြုလုပ်ဖို့အတွက် နာပိုလီအသင်းနဲ့ အဆက်မပြတ် ဆက်သွယ်လျက်ရှိတယ်လို့ သိရပါတယ်။

Photo Credit : AS English

အသက်(၂၈)နှစ်အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် နောက်ခံကစားသမား ကူလီဘလီဟာ ဘယ်ဂျီယံထိပ်သီးကလပ် ဂျန့်အသင်းကနေ နာပိုလီအသင်းဆီ ရောက်ရှိလာချိန်မှာ သူရဲ့အကောင်းဆုံးသော ခံစစ်စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတစ်ယောက်အဖြစ်နဲ့ပါ သတ်မှတ်ခံလာရပါတယ်။ ဒါကြောင့် သူ့ကို ယူနိုက်တက်အပါအဝင် ကလပ်အသင်းပေါင်းများစွာကနေ အပြိုင်စိတ်ဝင်စားနေခဲ့ကြတာဖြစ်သလို နာပိုလီကလည်း လာမယ့်နွေစျေးကွက်မှာ ကူလီဘလီကို ရောင်းချဖို့ ပြင်ဆင်လာခဲ့ကာ ပေါင်သန်း(၉၀)လောက်အထိကို စျေးနှုန်းသတ်မှတ်လို့ထားပါတယ်။

Photo Credit : Sempreinter

နာပိုလီအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒီလော်ရန်တစ်က လာမယ့်နွေစျေးကွက်အတွင်း အသင်းရဲ့ဘဏ္ဍာရေး တောင့်တင်းနေနိုင်ဖို့အတွက် ကူလီဘလီအပါအဝင် တိုက်စစ်ကစားသမားမီလစ်ကိုပါ အသင်းကနေ ရောင်းချပြီး ပေါင်သန်းတစ်ရာကျော်လောက်အထိ ပြန်လည်ရရှိဖို့ ရည်ရွှယ်ထားပါတယ်။ ဒီလို အနေအထားတွေရှိနေချိန်မှာ ယူနိုက်တက်အသင်းကလည်း သူတို့ရဲ့ ပစ်မှတ်ဟောင်းကို နောက်တစ်ကြိမ်ကမ်းလှမ်းနိုင်ဖို့ နာပိုလီအသင်းဘက်ကို အဆက်မပြတ် ဆက်သွယ်လျက်ရှိနေပြီး အသင်းနဲဲ့ လက်တွဲဖြုတ်ကြတော့မယ့် စမောလင်း ရိုဟို ဖီးလ်ဂျုံး ဖိုဆူမန်ဆာတို့နေရာအတွက် ကူလီဘလီနဲ့ အစားထိုးချင်နေပါတယ်။ ဒါပေမယ့် ကူလီဘလီကို ယူနိုက်တက်အသင်းတစ်သင်းကပဲ ပစ်မှတ်ထားနေတာမဟုတ်ပဲ ရီးရဲလ်မက်ဒရစ် မန်စီးတီး ပီအက်စ်ဂျီ ဘာစီလိုနာအသင်းတို့ဘက်ကနေပါ စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်အနေနဲ့ ကူလီဘလီကို ခက်ခက်ခဲခဲ ကမ်းလှမ်းရနိုင်ပါတယ်။