မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ နိုင်ငံတကာ ရက်သတ္တပတ်ကာလအတွင်း ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ဆင်နွဲဖို့အတွက် အသင်းနဲ့ ပူးပေါင်းခဲ့ပြီး အသင်းလိုက် လေ့ကျင့်ခန်း ပြုလုပ်ခဲ့ရာမှာ မမျှော်လင့်ပဲ ပေါင်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့ရသလို ဒဏ်ရာပြသာနာကြောင့် (၈)ပတ်ကနေ (၁၀)ပတ်လောက်အထိကို အနားယူရတော့မှာဖြစ်ပါတယ်။

Photo Credit : AS English

အသက်(၂၈)နှစ်အရွှယ်ရှိ ကွင်းလယ်လူပေါ့ဘာဟာ ပေါင်ဒဏ်ရာကြောင့် လာမယ့် ၂၀၂၂ခုနှစ် အစောပိုင်းလောက်မှသာ ဘောလုံးပြန်လည်ကစားနိုင်တော့မှာဖြစ်ပြီး ချယ်လ်ဆီး အာဆင်နယ်အသင်းတွေနဲ့ ရင်ဆိုင်ရမယ့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲကျပ်များအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုလက်ကျန်ပွဲတွေကိုပါ အားလုံးလွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဘာ မပါဝင်နိုင်မယ့် ပွဲစဉ်တွေက ယူနိုက်တက်အတွက် အရမ်းခက်ခဲနိုင်တဲ့ ပွဲစဉ်တွေချည်းမဟုတ်ပဲ နောဝစ် နယူးကာဆယ် ဘန်လေတို့လို အသင်းမျိုးတွေနဲ့ ရင်ဆိုင်ရမယ့် ပွဲတွေသာ ဖြစ်လို့နေပါတယ်။ တစ်ခုရှိတာကတော့ ယူနိုက်တက်အသင်းက ဒီလို အသင်းမျိုးတွေနဲ့ တွေ့ဆုံရချိန်မှာတောင် ရလဒ်တိမ်းစောင်းမှုတွေ ဖြစ်တတ်တာပါပဲ။

Photo Credit : Manchester Evening News

ပေါ့ဘာအနေနဲ့ ဒီဒဏ်ရာကြောင့် ဘယ်လောက်ထိကို တိတိကျကျ အနားယူရမလဲဆိုတာ မဖော်ပြထားပေမယ့် ၂၀၂၂ခုနှစ် နှစ်အစပိုင်းလောက်မှာပဲ ပေါ့ဘာ ပြန်ကစားနိုင်လိမ့်မယ်လို့ ယူဆထားကြပြီး ပေါ့ဘာမပါဝင်နိုင်တော့မယ့် အချိန်မှာ နယ်သာလန် ကွင်းလယ်ကစားသမားလေး ဒွန်နီဗန်ဒယ်ဘိခ် နေရာပိုပေးဖို့ ယူနိုက်တက် ပရိသတ်များစွာက တောင်းဆိုထားကြပါတယ်။ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ သူ့စိတ်ကြိုက် ကစားသမားတွေဖြစ်တဲ့ ဖရက်နဲ့ တွမ်မီနေးတို့ကိုသာ ပိုမိုနေရာပေးတတ်သူဖြစ်လို့ ပေါ့ဘာ မပါနိုင်ရင်လည်း ဖရက်-တွမ်မီနေးတို့ အတွဲအဖက်ကိုသာ ဆက်လက်အသုံးပြုလာဖွယ် ရှိနေပါတယ်။ ဒီလိုသာ ဆက်လက်လုပ်ဆောင်နေဦးမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဗန်ဒယ်ဘိခ်အနေနဲ့ လာမယ့် ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားနိုင်ခြေ ရှိနေပါတယ်။ ဗန်ဒယ်ဘိခ်ရဲ့ အခြေအနေကိုလည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အပါအဝင် ဥရောပ ကလပ်အသင်းများစွာက စောင့်ကြည့်လျက် ရှိနေပါတယ်။