မားကပ် ရပ်ရှ်ဖို့ဒ်အနေနဲ့ သူရဲ့ ကစားသမားဘဝကို ပြန်လည် အဖတ်ဆည်နိုင်ဖို့နဲ့ ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်လာစေဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားသင့်တယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး နစ်ကီဘတ်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကပဲ ယူနိုက်တက် စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိရင်း အခုဆိုရင်တော့ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၄၀၆)ပွဲအထိ ကစားပေးခဲ့ရင်း သွင်းဂိုး (၁၃၁)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲပေါင်း (၅၀)မှာတော့ (၉)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီ ကွန်မြူနတီဒိုင်းပွဲက စတင်ပြီး ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက်အထိ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပေမယ့်လည်း ဒီပွဲတွေထဲမှာ ရပ်ရှ်ဖို့ဒ်က သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ တစ်ကြိမ်မှကို မလုပ်ဆောင်နိုင်ခဲ့ပဲ လီဗာပူးလ် ဘရိုက်တန်တို့နဲ့ပွဲမှာလည်း ဂိုးကန်ချက်တွေ တစ်ကြိမ်မှ လုပ်ဆောင်နိုင်ခြင်းလည်း မရှိခဲ့ပါဘူး။

ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး နစ်ကီဘတ်က “သူ ဘာဖြစ်နေသလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ့ကို ကြည့်ရတာတော့ စိတ်ထဲမကောင်းပါဘူး။ ဘာလို့လဲဆိုတော့ သူ ယူနိုက်တက်ကို စရောက်လာတဲ့အချိန် (၈)နှစ် (၉)နှစ်အရွယ်ကတည်းက သူနဲ့ သိခဲ့ရတာ ဖြစ်ပြီးတော့ သူဟာ ကျွန်တော်တို့အတွက် အမြဲ မျှော်လင့်ထားခဲ့ရသူပါ။ အခုအချိန်မှာ လူတွေက ဖုန်းထဲကနေ အော်ဟစ်နေကြပေမယ့် သူ့မှာ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းကစားသမားတွေထဲကတစ်ယောက် ဖြစ်လာဖို့ အရည်အချင်း ရှိနေဆဲလို့ ကျွန်တော် ယုံကြည်ပါတယ်။”

Photo Credit : Football365

“သူရဲ့စိတ်နေစိတ်ထားက ဘာလဲဆိုတာကို ဘယ်သူမှ မသိပေမယ့် သူ့ဆီမှာ အရည်အချင်းတွေ အများကြီး ရှိနေသလို သူကလည်း ထိပ်တန်း ကစားသမားတစ်ယောက်လည်း ဖြစ်နေပါတယ်။ ဒါပေမယ့် အခု သူက မန်ယူနိုက်တက်အတွက် မဖြစ်သေးပါဘူး။ လူတွေက သူရဲ့ body language အကြောင်း ပြောနေပေမယ့် သူက ဒါကို ဂရုမစိုက်ပါဘူး။”

“အခုကတော့ သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်အောင် လုပ်ဖို့အတွက် ကလပ်အသင်းသစ် တစ်ခုကို ရှာဖွေဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ အသင်းတွေကလည်း သူ့ကို တစ်ချိန်လုံး ကြည့်နေမှာ မဟုတ်တဲ့အတွက် အမြန် လှုပ်ရှားသင့်ပါတယ်။ အသင်းက ရလဒ်တွေ ဆိုးနေပြီဆိုရင် အသင်းပရိသတ် အများစုက သူ့ကိုပဲ အကြောင်းပြနေကြပါတယ်။ တကယ်တော့ သူတစ်ယောက်တည်းကြောင့် မဟုတ်ပဲ တစ်သင်းလုံးနဲ့ကို သက်ဆိုင်နေတာပါ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။