ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ သူတို့အသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက် အထူးဆန်းဆုံး အပြောင်းအရွှေ့ တစ်ခုကို ၁၉၂၇ ခုနှစ်က လုပ်ဆောင်ခဲ့ဖူးတယ် လို့ သိရှိရပါတယ်။ အဆိုပါ အပြောင်းအရွှေ့ ကတော့ ကစားသမား တစ်ဦးကို ခေါ်ယူရာမှာ ငွေကြေးအစား ရေခဲမုန့်တွေ ပေးကာ​ ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့ပဲ ဖြစ်ပါတယ်။ အဆိုပါအပြောင်းအရွှေ့ဟာ လက်ရှိအချိန်အထိ ကမ္ဘာ​ပေါ်မှာ ရယ်ရွှင်ဖွယ်ရာ အကောင်းဆုံးနဲ့ သဘောကျစရာ အကောင်းဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလမှာ Stockport County အသင်းရဲ့ ကစားသမား ဖြစ်သူ ဟု့ခ် မက်လန်နာဟန် ကို ခေါ်ယူရာမှာ ရေခဲသေတ္တာနှစ်လုံးစာ အပြည့်ပါတဲ့ ရေခဲမုန့်တွေ ပေးချေကာ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ အပြောင်းအရွှေ့ကို ဦးဆောင် လုပ်ခဲ့သူကတော့ အဆိုပါအချိန်က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လက်ထောက် နည်းပြအဖြစ် တာဝန်ယူထားတဲ့ ရို့ကာ ဖြစ်ပြီး ရို့ကာဟာ မန်ချက်စတာမြို့ရဲ့ နယူတန်ဟိ့စ် နေရာမှာ ရေခဲမုန့်လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်နေသူ တစ်ဦးဖြစ်တာကြောင့် မက်လန်နာဟန်ကို ခေါ်ယူရာမှာ ပေးချေခဲ့တဲ့ ရေခဲမုန့်တွေကို သူ့ရဲ့ ရေခဲမုန့်လုပ်ငန်း ကနေ ထုတ်ယူကာ ပေးခဲ့တာပါ။

Photo Credit: Standard

အဆိုပါ ထူးဆန်းတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပြောကြတာကတော့ မက်လန်နာဟန်ကို ရောင်းချစဉ်ကာလမှာ Stockport County အသင်းဟာ အသင်းရဲ့ ဘဏ္ဏာရေး တိုးတက်လာစေဖို့အတွက် ရန်ပုံငွေကောက်ခံပွဲ တစ်ခုကို လုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး ရို့ကာက အဆိုပါ အကြောင်းအရာကို သိရှိအပြီးမှာတော့ ရေခဲသေတ္တာနှစ်လုံးစာ ရေခဲမုန့်တွေကို ရန်ပုံငွေ ကောက်ခံပွဲမှာ ရောင်းချဖို့ County အသင်းကို လှူဒါန်းကာ မက်လန်နာဟန်ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ မက်လန်နာဟန်ဟာ ခံစစ်မှူး တစ်ဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ၉နှစ်ကြာအောင် ကစားခဲ့ကာ ၁၁၆ပွဲ ကစားခဲ့ရာ ၁၂ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီ နောက်မှာတော့ မက်လန်နာဟန်ဟာ Notts County အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီး ကစားသမားဘဝကနေ အနားယူပြီးချိန်မှာလည်း မက်လန်နာဟန်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကင်းထောက်တစ်ဦး အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။