ဒီနှစ်နွေစျေးကွက်တလျှောက် လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လျက်ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကို လီဗာပူးလ်ဘက်ကနေ ခေါ်ယူသွားဖို့ ကြန့်ကြာနေတဲ့အတွက် ဒီအခြေအနေကို မန်ချက်စတာယူနိုက်တက်အသင်းဘက်က အကောင်းဆုံး အခွင့်အရေးယူသွားဖွယ်ရှိနေကာ သီယာဂိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပင် ပြုလုပ်လျက်ရှိနေပြီလို့ နော်ဝေသတင်းစာ Dagbladet ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား သီယာဂိုကို လီဗာပူးလ်အသင်းကနေ ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိနေပေမယ့်လည်း ဘိုင်ယန်အသင်းဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လီဗာပူးလ်ဘက်ကနေ မပေးချေလိုတာကြောင့် အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့က ကြာမြင့်နေခဲ့ရတာဖြစ်ပြီး ဒီလိုလိပ်ခဲတည်းလည်းဖြစ်နေတဲ့ အခြေအနေကို ယူနိုက်တက်အသင်းကနေ အခွင့်ကောင်းယူသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ နော်ဝေသတင်းစာရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ပါ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပြီလို့ သိရှိရပါတယ်။

သီယာဂိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖလား(၃)လုံးကို ရယူခဲ့တဲ့ အရည်အသွေးမြင့် ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သလို သူကိုယ်တိုင်ကလည်း အသင်းနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်ထားခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကို လီဗာပူးလ်အသင်းကနေ ကမ်းလှမ်းလာခဲ့တာဖြစ်ပေမယ့် အခုချိန်ထိကို ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဘိုင်ယန်ဘက်က သတ်မှတ်ထားတဲ့ တန်ကြေးအတိုင်း တိုးမြှင့်ကမ်းလှမ်းလာခြင်းမရှိသေးလို့ သဘောတူညီမှုလည်း မရယူနိုင်သေးတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ပဲ သီယာဂိုကို ကြားဖြတ်ခေါ်ယူဖို့အတွက် အာဆင်နယ် မန်စီးတီး ပီအက်စ်ဂျီအသင်းတို့ကနေ အပြိုင်ကြိုးပမ်းလာခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က လီဗာပူးလ်နည်းပြ ယာဂင်ကလော့လက်အောက်မှာသာ ပါဝင်ကစားချင်နေတာဖြစ်လို့ အခြားအသင်းတွေထက် လီဗာပူးလ်အသင်းကိုပဲ ရွေးချယ်ချင်နေပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဘက်ကလည်း အသင်းရဲ့စီးပွားရေးကျဆင်းနေမှုကြောင့် သီယာဂိုကို ခေါ်ယူနိုင်ဖို့အရေးက ခက်ခဲလျက်ရှိလို့နေတာကြောင့် ယူနိုက်တက်ရဲ့နောက်ကောက်ချမှုကို ခံသွားရနိုင်ဖွယ် ရှိနေပါတယ်။