ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းထံ ပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုနဲ့ အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောတို့ကြောင့် ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ပိုမို အခွင့်အရေး ရှိလာကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ညာတောင်ပံ ကစားသမား တဦး ၊ ဗဟိုနောက်ခံလူ တဦး ၊ ကွင်းလယ်လူ တဦးနဲ့ တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ လျာထားပြီး ညာတောင်ပံနေရာ အတွက် ဆန်ချိုကို ရရှိပြီးနောက်မှာ ဗဟိုနောက်ခံလူ တဦးနဲ့ ကွင်းလယ်လူ တဦးတို့ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။

Photo Credit: Daily Mail

ထွက်ပေါ်ထားတဲ့ သတင်းတွေ အရတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗဟိုခံစစ်နေရာ အတွက် ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာဖို့ တာစူနေတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို ကွင်းလယ်နေရာ အတွက် ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ထံ ချဉ်းကပ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ကနဦးမှာတော့ ငယ်စဉ်က ချယ်လ်ဆီးအသင်းရဲ့ ပရိသတ် ဖြစ်ဖူးသူ ဒီကလန်ရိုက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိပေမယ့် ငယ်စဉ်က သူ့နည်းတူ ချယ်လ်ဆီးအသင်းရဲ့ ပရိသတ် ဖြစ်ခဲ့ဖူးသလို အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ သက်တမ်းအလိုက် အသင်းတွေမှာ သူ့ရဲ့ အသင်းဖော် ဖြစ်ခဲ့တဲ့ လုခ်ရှောအပြင် ဆန်ချိုကပါ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ပြီး နောက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းက သူ့ကို ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ် ကမ်းလှမ်းမှုတွေကို ၂ကြိမ်တိတိ ပယ်ချခဲ့ကာ ယခုနှစ် နွေဈေးကွက် အပြောင်းအရွှေ့ အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ ဒီကလန်ရိုက်စ်ကို သူ့ရဲ့ နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဝက်စ်ဟမ်းအသင်းက တန်ကြေး ပေါင် ၁၀၀သန်း အထိ သတ်မှတ်ထားတဲ့ ဒီကလန်ရိုက်စ်ကို အသင်းရဲ့ တောင်ပံကစားသမား လင်ဂတ် + ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေက ပြောကြားထားပါတယ်။