MySport Myanmar

ဝက်ဖို့ဒ် တောင်ပံကစားသမား အစ္စမိုင်လာဆားကိုပါ ပစ်မှတ်ထားလာခဲ့တဲ့ မန်ယူ

ဒီရက်ပိုင်းအတွင်းမှာ attacking option အတွက် တိုက်စစ်မှူးတွေနဲ့ တိုက်စစ်အားသန်တဲ့ တောင်ပံကစားသမားတွေကို ကမ်းလှမ်းမှုတွေ ပြုလုပ်လျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုလည်း လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းရဲ့ တောင်ပံကစားသမား အစ္စမိုင်လာဆားကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The Independent

တိုက်စစ်ပိုင်းအတွက် ကစားသမား အများအပြားကို တောက်လျှောက် ပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်ဟာ ဆာလ်ဇ်ဘာ့ဂ်ရဲ့ဆယ်ကျော်သက် တိုက်စစ်မှူးလေး ဆက်ကို ကို အလိုရှိခဲ့ပေမယ့် ဆာလ်ဇ်ဘာ့ဂ်အသင်းက သူတို့နဲ့ ပိုင်ရှင်အတူတူဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းဆီကိုသာ ရောင်းချခဲ့သလို အသက်(၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး မာကိုအနော်တိုဗစ်ကို ကမ်းလှမ်းရာမှာလည်း ဘိုလော့ဂ်နာအသင်းဘက်က ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် ထပ်မံ ကမ်းလှမ်းခြင်း မပြုလုပ်တော့ပဲ နောက်ထပ် ပရီးမီးယားလိဂ် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အရည်အသွေးကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ အစ္စမိုင်လာဆားကိုသာ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၄)နှစ်အရွယ်ရှိ ဆီနီဂေါလက်ရွေးစင် တောင်ပံကစားသမား အစ္စမိုင်လာဆားဟာ ၂၀၁၉ခုနှစ်ကတည်းက ဝက်ဖို့ဒ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ဝက်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်မှာ (၂)ရာသီ ကျင်လည်ခဲ့သလို လိဂ်သွင်းဂိုး (၂၄)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ညာတောင်ပံနေရာမှာ အဓိက ကစားတတ်သူဖြစ်တဲ့ ဆားဟာ ဘယ်တောင်ပံမှာလည်း ကစားတတ်တဲ့အပြင် လိုအပ်ရင် တိုက်စစ်နေရာမှာ ကစားတတ်သူဖြစ်ပြီး သူရဲ့လက်ရှိတန်ကြေးက ယူရို(၂၇)သန်းသာ ရှိနေတာဖြစ်လို့ တိုက်စစ်ကစားသမား အလိုရှိနေတဲ့ မန်ယူနိုက်တက်အတွက်တော့ ဆားက တကယ်ကို ရွေးချယ်ချင်စရာ option တစ်ခု ဖြစ်လာနိုင်ပါတယ်။ ယခင်ကတည်းက လီဗာပူးလ် မန်ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းတွေနဲ့ သတင်းထွက်ခဲ့တဲ့ ဆားအနေနဲ့ ဒီတစ်ချိန်မှာ ပရီးမီးယားလိဂ်ကို ပြန်လည် ရောက်ရှိလာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လတ်တလောမှာလည်း မန်ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးရဲ့ flop player တစ်ဦးဖြစ်တဲ့ စပိန်တိုက်စစ်မှူး အဲလ်ဗာရိုမိုရာတာနဲ့ပါ သတင်းတွေ ထွက်ပေါ်နေပြီး မိုရာတာရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားကို ခေါ်ယူပေးဖို့ ယူနိုက်တက်ဘက်ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ယူနိုက်တက် ကစားသမားဟောင်း ဟာနန်ဒက်ဇ်ကလည်း အသင်းကသာ အလိုရှိမယ်ဆိုရင် အသင်းကို ပြန်လည် ပြောင်းရွှေ့လာချင်တယ်လို့ ထုတ်ဖော် ပြောဆိုထားခဲ့ပါတယ်။

Exit mobile version