ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လတ်တလောမှာ သူတို့အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဝယ်ယူဖို့ စိတ်ဝင်စားခြင်း မရှိတော့ပဲ ဟယ်ရီကိန်းအစား ဒေါ့မွန်အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်းတို့ကိုသာ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ မကြာခင်မှာ အသက် ၂၈နှစ် ပြည့်တော့မယ့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဆုဖလား အောင်မြင်မှုတွေ ရယူဖို့ အတွက် စပါးအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ကစားသမားတဦး ဖြစ်ပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ မန်ချက်စတာ စီးတီးအသင်း ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် စပါးအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လီဗိုင်းဟာ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး ပေါင် ၁၂၀သန်း အထိ အလိုရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားမှုအား ရပ်တန့်လိုက်တာ ဖြစ်ပြီး လက်ရှိမှာတော့ ဒေါ့မွန်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုနဲ့ တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူဖို့ပဲ အာရုံစိုက် နေပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူသွားမှာ ဖြစ်ပြီး ဥရောပ အသင်းကြီးတိုင်းရဲ့ ပစ်မှတ် ဖြစ်နေတဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းကိုတော့ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ ကစားသမားရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ထားသလို ဆန်ချိုကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ဒေါ့မွန်အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းကို ပေးချေဖို့ လိုလားကြောင်း သိထားရပါတယ်။ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းကတော့ လက်ရှိမှာ ဥရောပ ထိပ်သီးအသင်းများစွာရဲ့ ပစ်မှတ် ကစားသမားတဦး ဖြစ်ပြီး ဒေါ့မွန်အသင်းဟာ သူ့ကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောကြားထားတာကြောင့် လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ ရောက်မှသာ ဟာလန်းကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စတင် ကြိုးပမ်းနိုင်မှာ ဖြစ်ကာ ယူနိုက်တက်တို့ဘက်က အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားနဲ့ ဟာလန်းတို့ကြားမှာ ရှိတဲ့ ဆရာတပည့် ဆက်ဆံရေးကို အခွင့်ကောင်း ယူကာ ဟာလန်းကို အသင်းထံ ခေါ်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။