ဒေါ့မွန်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဂျာမန်လူငယ်ကစားသမားလေး ရီဒါခါဒရာဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် အခုလက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဆီမှာ ခြေစွမ်းပိုင်းတွေကို လာရောက်အစမ်းသပ်ခံလျက်ရှိနေရာ ခြေစွမ်းပိုင်းသဘောကျမှုတွေ ရှိလာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်အသင်းဘက်ကနေ ခါဒရာကို အပြီးသတ်စာချုပ်ချုပ်ဆိုသွားဖွယ် ရှိလို့နေပါတယ်။

Photo Credit : Utd in Focus

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဂျာမန်တောင်ပံကစားသမားလေး ခါဒရာဟာ ဒေါ့မွန်အသင်းမှာ ၂၀၁၅ခုနှစ်ကတည်းက စတင်ပါဝင်ကစားခဲ့တာဖြစ်ပြီး အသင်းနဲ့ သက်တမ်းကုန်ဆုံးချိန်မှာ အသင်းဘက်က သူ့ကို သက်တမ်းမတိုးလိုတော့သလို သူကိုယ်တိုင်ကလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် အခုလို လက်တွဲဖြုတ်ခဲ့တာဖြစ့်ပါတယ်။ ခါဒရာဟာ စတုတ်စီးတီးအသင်းနဲ့လည်း ခြေစွမ်းပိုင်းအစမ်းသပ်ခံခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လက်ရှိမှာတော့ ယူနိုက်တက်အသင်းမှာ လေ့ကျင့်ခန်းဆင်းရင်းနဲ့ ခြေစွမ်းပိုင်းတွေကို အစမ်းသပ်ခံလို့နေပါတယ်။

Photo Credit : Stretty News

ညာတောင်ပံနေရာမှာ အဓိက ကစားတတ်သူ ခါဒရာက ဘယ်တောင်ပံမှာလည်း ကစားတတ်သေးသလို လိုအပ်ရင် ကွင်းလယ်တိုက်စစ်နေရာမှာလည်း အသုံးပြုနိုင်တဲ့သူဖြစ်ပါတယ်။ ဂျာမန်-လက်ဘနွန်ဖွား ခါဒရာက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဒေါ့မွန်ယူ-၁၉အသင်းအတွက် ပြိုင်ပွဲစုံ(၂၆)ပွဲမှာ သွင်းဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု(၇)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်လူငယ်အသင်းတွေနဲ့ ယူ-၁၉ချန်ပီယံ ယူ-၁၇ချန်ပီယံဆုဖလားတွေကို ပိုင်ဆိုင်ခဲ့တဲ့ ခါဒရာဟာ လတ်တလောမှာတော့ ယူနိုက်တက်လူငယ်အသင်းနဲ့အတူ ခြေစမ်းပွဲတွေကို ပါဝင်ကစားသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ခြေစမ်းပွဲအတွင်း သူရဲ့ခြေစွမ်းအစစ်အမှန်ကို ပြသလာနိုင်မှသာ ယူနိုက်တက်ဘက်ကနေ စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အေဂျက်စ်အသင်းရဲ့ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘိခ်တစ်ဦးတည်းကိုသာ ခေါ်ယူအားဖြည့်ထားခဲ့ပြီး ယူနိုက်တက်လူငယ်အသင်းအတွက်တော့ ကစားသမားအများအပြားကို ခေါ်ယူထားခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံနေရာအတွက် ရီးရဲလ်မက်ဒရစ် နောက်ခံအစွန်လူ ဆာဂျီယိုရယ်ဂီလွန်ကို ပစ်မှတ်ထားလျက်ရှိနေသလို အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုကိုလည်း ခေါ်ယူနိုင်ဖို့အတွက် ဆက်လက်ကြိုးစားနေလျက်ရှိတယ်လို့ သိရှိရပါတယ်။