ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) ပွဲကျန် တစ်ပွ​ဲ ဖြစ်တဲ့ ဗီလာအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် မန်ယူအသင်းဟာ အိမ်ရှင် ဗီလာအသင်းကို ခြေစွမ်းအရရော ရလဒ်အရပါ အသာစီး ရယူကာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။ ဗီလာအသင်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ ဗီလာပတ့်ခ် မှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ အိမ်ရှင် ဗီလာအသင်းဟာ ဧည့်သည် မန်ယူ အသင်းရဲ့ ရုန်းအားကို ယှဉ်နိုင်ခဲ့ခြင်း မရှိခဲ့ပဲ ပထမပိုင်းမှာ သွင်းဂိုးနှစ်ဂိုးနဲ့ ဒုတိယပိုင်းမှာ သွင်းဂိုး တစ်ဂိုးတို့ကို ခွင့်ပြုပေးခဲ့ရပါတယ်။ မန်ယူအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၂၇မိနစ်မှာ ပင်နယ်တီမှ တဆင့် ဖာနန်ဒက် ၊ ပထမပိုင်း ပွဲကစားချိန်ပြီးဆုံးခါနီး မိနစ်ဖြစ်တဲ့ ၄၅+၅ မိနစ်မှာ ဂရင်းဝုဒ်နဲ့ ပွဲချိန် ၅၈မိနစ်မှာ ပေါ့ဘာတို့က အသီးသီး သွင်းယူပေခဲ့ကြတာပါ။

Photo Credit: Express

ဗီလာအသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲဟာ မန်ယူအသင်းအတွက် ၁၇ပွဲဆက် ရှုံးပွဲမရှိ ဆိုတဲ့ မှတ်တမ်းကောင်း တစ်ခုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့သလို အဆိုပါ နိုင်ပွဲကြောင့်ပဲ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ စံချိန်မှတ်တမ်းကောင်း တစ်ခုကို ရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ စံချိန်မှတ်တမ်း ကတော့ လေးပွဲဆက်တိုက် သုံးဂိုးပြတ် နိုင်ပွဲတွေ ရရှိခဲ့တဲ့ မှတ်တမ်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ရှက်ဖီးလ်ယူနိုက်တက်ကို သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှ စတင်ကာ ယခု ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲအထိ ပရီးမီးယားလိဂ်မှာ လေးပွဲဆက်တိုက် သုံးဂိုးပြတ် နိုင်ပွဲတွေကို ရရှိခဲ့တာဖြစ်ပြီး ရှက်ဖီးလ် ကို ၃-၀ ၊ ဘရိုက်တန်ကို ၀-၃ ၊ ဘုန်းမောက်ကို ၅-၂ နဲ့ ဗီလာအသင်းကို ၀-၃ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ယခုလို ပရီးမီးယားလိဂ် လေးပွဲဆက် သုံးဂိုးပြတ် နိုင်ပွဲတွေ ရခဲ့တာဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာ ပထမဦးဆုံး ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Express

ဒါ့အပြင် မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာလည်း ဗီလာအသင်းနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် လက်ရှိ ပရီးမီးယားလိဂ် ရာသီမှာ ဂိုးဧရိယာပြင်ပ ကနေ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင် ခဲ့တယ်လို့လည်း သိရပါတယ်။ ဂရင်းဝုဒ်ဟာ ပွဲကစားချိန် ၄၅+၅မိနစ်မှာ ဂိုးဧရိယာထိပ် ကနေ အပြင်းကန်ချက်နဲ့အတူ သွင်းဂိုးတစ်ဂိုး သွင်းယူ ပေးခဲ့တာဖြစ်ပြီး အဆိုပါ သွင်းဂိုးဟာ လက်ရှိ ရာသီမှာ ဂရင်းဝုဒ်ရဲ့ ပရီးမီးယားလိဂ်ဂိုး ၉ဂိုး မြောက်ပဲ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ၂၇ပွဲ ပါဝင် ကစားထားရာမှာ သွင်းဂိုး ၉ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီး မန်ယူအသင်းကို အဆင့်၃နေရာအထိ ရောက်ရှိအောင် ကူညီပေး နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။