ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ တောက်ပလာတဲ့ အသင်းရဲ့ လူငယ် တိုက်စစ် ကစားသမား မေဆန် ဂရင်းဝုဒ်ကို လက်ရှိ ရရှိ နေတဲ့ လစာအား နှစ်ဆ တိုးပေးကာ စာချုပ်သစ် ချုပ်ဆိုတော့မယ်လို့ သိရှိရပါတယ်။ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ မေဆန် ဂရင်းဝုဒ် ဟာ ငယ်စဉ်ကတည်းက မန်ယူအသင်းရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်သလို အသင်းထံကို အသက် ၆နှစ် အရွယ်ထဲက ရောက်ရှိခဲ့ပြီး အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ် လာသူ တစ်ဦး ဖြစ်ကာ လက်ရှိ ဘောလုံးရာသီမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူ နိုင်ခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ လစာတိုးပေးကာ စာချုပ်သစ် ချုပ်ဆိုမှာ ဖြစ်ကြောင်း The Mirror သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။

Photo Credit: Daily Mail

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာပဲ မန်ယူအသင်းနဲ့ ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုထားခဲ့သူ ဖြစ်ပြီး အဆိုပါ စာချုပ်အရ ဂရင်းဝုဒ်ဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀ အထိ ရရှိနေသူပါ။ လက်ရှိ ဘောလုံးရာသီမှာတော့ ဂရင်းဝုဒ်ဟာ မန်ယူအသင်းရဲ့ အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံမှာ အသင်းအတွက် သွင်းဂိုး ၁၆ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ကာ အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး သုံးဦးရဲ့ အထူးစံချိန်ကို လိုက်မှီနိုင်ဖို့ နီးစပ် နေသူလည်း ဖြစ်ပါတယ်။ မန်ယူ အသင်းရဲ့ ဂန္တဝင် ကစားသမားတွေ ဖြစ်တဲ့ ဂျော့စ်ဘက် ၊ ဝိန်းရွန်းနီ ၊ ဘရိုင်ယန်ကစ် တို့ဟာ ဆယ်ကျော်သက် ကစားသမားဘဝမှာ အသင်းအတွက် ၁၇ဂိုး စီ သွင်းယူပေးထားနိုင်ကြပြီး လက်ရှိမှာ ဂရင်းဝုဒ် ဟာ ၁၆ဂိုး သွင်းယူ ထားနိုင်ခဲ့တာကြောင့် အဆိုပါ စံချိန်ကို လိုက်မှီဖို့အတွက် သွင်းဂိုး တစ်ဂိုးသာ သွင်းယူဖို့ လိုအပ်ပါတော့တယ်။

Photo Credit: Daily Mail

The Mirror သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေဟာ ဂရင်းဝုဒ် ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းပိုင်းကို အားရ ကျေနပ်မှုတွေ ရှိနေတာကြောင့် လစာတိုးပေးဖို့ စီစဉ် နေတာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖြစ်ပါက ဂရင်းဝုဒ်ဟာ လက်ရှိ ရနေတဲ့ လုပ်ခ လစာ ဖြစ်တဲ့ ပေါင်၂၅၀၀၀ ရဲ့ နှစ်ဆ ဖြစ်တဲ့ ပေါင် ၅၀၀၀၀ ကို ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ လတ်တလောမှာ ဂရင်းဝုဒ်ဟာ စာချုပ်သစ်ကိစ္စ ထက် အသင်းအတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူ ပေးဖို့သာ အာရုံစိုက်ထားကြောင်းနဲ့ စာချုပ် ချုပ်ဆိုမယ့် ကိစ္စကို ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြီးဆုံးသွားမှသာ လုပ်ဆောင်ဖို့ ဆန္ဒရှိနေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။