ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန်ဒါဘီ ပွဲစဉ်မှာတော့ အိမ်ရှင် လီဗာပူးက ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ကို စံချိန်တင် သွင်းဂိုး ပမာဏ ဖြစ်တဲ့ ၇ဂိုး အထိ သွင်းယူကာ ခြေပြတ် ၊ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားတဲ့ ပွဲစဉ်ကို အင်္ဂလန်ဒါဘီလို့ လူသိများကြပြီး လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က သမိုင်းကြောင်းအရ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို အင်္ဂလန်ရဲ့ အအောင်မြင်ဆုံးအသင်း နှစ်သင်း ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းဟာ အတော်လေး အကြိတ်အနယ် ရှိခဲ့ပါတယ်။

Photo Credit: Sporting News

ဒါကြောင့်ပဲ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်ဟာ ကြည့်ကောင်းမယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် မထင်မှတ်ထားပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ စုဖွဲ့မှုနဲ့ ကစားဟန် အားလုံးက အန်ဖီးလ်ကွင်းထဲမှာ ပျောက်ရှသွားခဲ့ပြီး လီဗာပူးရဲ့ တိုက်စစ် ကစားအားကလည်း အတော်ကို ကောင်းခဲ့တာကြောင့် သွင်းဂိုးတွေ တလဟော သွင်းယူနိုင်ခဲ့တာပါ။

လီဗာပူး ၇-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ လီဗာပူးက အနိုင်ဂိုး ၇ဂိုး အနက် ၆ဂိုးကို ဒုတိယပိုင်း တခုထဲမှာတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး လီဗာပူး အတွက် သွင်းဂိုးတွေကို အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဂတ်ပို ၊ ဆာလာ ။ နူနက်ဇ်တို့က ၂ဂိုးစီနဲ့ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် ပရိသတ် အချစ်တော် တိုက်စစ်မှူး ဖာမီနိုက ၁ဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Sporting News

လီဗာပူးကို ၇ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းမှာ အကြီးမားဆုံး ရှုံးပွဲတွေထဲက တပွဲ အဖြစ် မှတ်တမ်းဝင်သွားခဲ့သလို ပြီးခဲ့တဲ့ တပတ်ကမှ ကာရာဘောင်းချန်ပီယံ ဖြစ်ထားတဲ့ အသင်းမျိုး အတွက် လက်သင့်မခံနိုင်စရာ ရှုံးပွဲ တပွဲပါ။

မှတ်တမ်းမှတ်ရာတွေ အရ လီဗာပူး ၇-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ၉၂နှစ် အတွင်းမှာ အကြီးမားဆုံး ရှုံးပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ အဆိုပါ အရှက်ရဖွယ်ရှုံးပွဲ အတွက် ကစားသမားတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ နည်းပြချုပ် တန်ဟက်ဂ်ကို တောင်းဆိုနေကြပါတယ်။