တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကို ပါဝင်နိုင်ဖို့အတွက် အခြေအနေကောင်းနေပြီး fitness ပိုင်းလည်း ကောင်းမွန်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Marcus Rashford could be fit to play against Manchester City

Photo Credit : The Sun

အသက်(၂၄)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်က အာဆင်နယ်ကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် (၂)ဂိုးသွင်းယူခဲ့ပြီးနောက် တံကောက်ကြောဒဏ်ရာပါ ရရှိသွားခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ဆိုစီဒက်နဲ့ ရှာရစ်ဖ်အသင်းတွေနဲ့ တွေ့ဆုံခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေအပြင် အင်္ဂလန်ရဲ့ UEFA Nations League ပွဲတွေကိုပါ လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ရပ်ရှ်ဖို့ဒ်က သူရဲ့ဒဏ်ရာအခြေအနေကနေ ပြန်လည် သက်သာလာခဲ့ပြီဖြစ်လို့ မန်စီးတီးနဲ့ပွဲကိုပါ ပါဝင်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Detik Sports

ရပ်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ကြံခိုင်မှု အခြေအနေ ပြန်လည် ကောင်းမွန်နေပြီဖြစ်ပြီး လေ့ကျင့်ခန်းတွေပါ ပြန်ဆင်းနိုင်ပြီဖြစ်လို့ မန်စီးတီးနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် မပါနိုင်ရင်တောင် အရန်စာရင်းမှာ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အသင်းအတွက် ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခု ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ် လက်အောက်မှာတော့ form ကောင်းတစ်ခုကို ပြန်လည် ပြသနေနိုင်ပြီး (၆)ပွဲအတွင်း (၃)ဂိုးသွင်း (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ တန်ဟက်ဂ်ကလည်း ယူနိုက်တက် တိုက်စစ်မှာ ခရစ္စတီယာနိုုရော်နယ်လ်ဒိုထက် ရပ်ရှ်ဖို့ဒ်ကိုသာ ဦးစားပေး တိုက်စစ်မှူးအဖြစ် အသုံးပြုလိုနေတာကြောင့် ရပ်ရှ်ဖို့ဒ်ရဲ့ လက်ရှိ fitness ပိုင်းသာ စိတ်ချရနိုင်တဲ့ အနေအထားမှာ ရှိနေမယ်ဆိုရင်တော့ မန်ချက်စတာဒါဘီမှာ ထည့်သွင်း အသုံးပြုလာမှာ သေချာပါတယ်။ တန်ဟက်ဂ်အတွက် နောက်ထပ် စိတ်ကျေနပ်စရာ ဖြစ်နိုင်တာကတော့ အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောကလည်း နိုင်ငံတကာ ရက်သတ္တပတ်အတွင်းမှာ အင်္ဂလန်အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် အသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ မာလာစီယာနဲ့ လုခ်ရှောတို့ နှစ်ဦးလုံးကို သေချာရွေးချယ်ရဖွယ် ရှိနိုင်ပြီး ကစားသမားနှစ်ဦးလုံးကလည်း ပွဲထွက်ခွင့်အတွက် ပိုမို အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။