ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ မန်ယူအသင်းဟာ ပြိုင်ဘက်အသင်း တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် နီးစပ်နေတဲ့ လိုင်လီ ဗဟို ခံစစ်မှူး ဂါဘရီရယ်ကို ခေါ်ယူဖို့အတွက် စတင် လှုပ်ရှားလာတယ် လို့ သိရှိရပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် ခံစစ်မှူး ဂါဘရီရယ်ဟာ လက်ရှိ ဘောလုံးရာသီမှာ လိုင်လီအသင်းရဲ့ အဓိက ခံစစ်မှူးအဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ဂါဘရီရယ်ကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေတဲ့ အနေအထားမှာ ရှိနေပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု အပြင် လိုင်လီအသင်းကို ပေးချေရမယ့် ပြောင်းရွှေ့ကြေးတွေကိုပါ သဘောတူညီမှု ရရှိထားပြီးပြီလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဒါပေမယ့် အင်္ဂလန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ အဆိုအရ မန်ယူအသင်းဟာ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့တော့မယ့် ဂါဘရီရယ်ရဲ့ အေးဂျင့်တွေနဲ့ လက်ရှိမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေကာ ဂါဘရီရယ်ကို အာဆင်နယ်အသင်းရဲ့ လက်ကနေ ကြားဖြတ် လုယူဖို့ ကြိုးစားနေတယ် လို့ သိရှိရပါတယ်။ မန်ယူအသင်းဟာ ဂါဘရီရယ်ကို ကာလရှည် စောင့်ကြည့်ခဲ့တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ဂါဘရီရယ်အတွက် လိုင်လီအသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၇သန်းကို ပေးချေဖို့ အသင့်အနေအထားမှာ ရှိနေသလို လက်ရှိမှာလည်း ဂါဘရီရယ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အခြေအနေ ကောင်းနေတယ်လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဆိုထားကြပါတယ်။

 

Photo Credit: Express

ပြင်သစ်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ အသက်၂၂နှစ်အရွယ် ဂါဘရီရယ်ဟာ ကနဦးမှာ အာဆင်နယ်အသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကစားလိုတာကြောင့် နာပိုလီအသင်းကို ငြင်းပယ်ကာ အာဆင်နယ်အသင်းထံ ပြောင်းဖို့ စဉ်းစားခဲ့တာ ဖြစ်ကြောင်းနဲ့ လက်ရှိမှာ မန်ယူအသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားလာတာကြောင့် မန်ချက်စတာကို သွားမလား ၊ လန်ဒန်ကို သွားမလား ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ အချိန်အနည်းငယ် ထပ်မံ ယူတော့မယ် လို့ သိရှိရပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ အာဆင်နယ်အသင်း ဟာ ဂါဘရီရယ်ကို ကြားဖြတ် ခေါ်ယူဖို့ အတွက် မန်ယူအသင်းဘက်က လှုပ်ရှားလာမှုအပေါ် စိုးရိမ် နေပြီး မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုဟာ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုထက် ပိုကောင်းသွားနိုင်တာကြောင့် ဂါဘရီရယ်ကို သူတို့အသင်းနဲ့ ခပ်မြန်မြန် စာချုပ်ချုပ်ဖို့ တွန်းအားပေးနေတယ် လို့ သိထားရပါတယ်။