ချယ်လ်ဆီးနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ ဂျင်မီဖလွိုက်ဟယ်ဆင်ဘိန့်က မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့လက်ရှိနည်းပြ အိုလေဂန်နာဆိုးလ်ရှားရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ်ဆုဖလားလို အောင်မြင်မှုတွေ ရယူနိုင်မှာမဟုတ်ကြောင်း ဘာကြောင့်လဲဆိုတော့ ဆိုးလ်ရှားအသုံးပြုနေတဲ့ နည်းဗျူဟာတွေက အသင်းနဲ့ အံ့ဝင်ခွင်ကျမှု ရှိမနေခြင်းကြောင့်ဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အနိမ့်အမြင့် အတတ်အကျတွေများစွာနဲ့ ဖြတ်သန်းလို့နေရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့်(၁၄)နေရာအထိကို ရောက်ရှိလို့နေရပါတယ်။ အသင်းရဲ့ပုံစံ ရလဒ်တွေ မှန်ကန်မှုမရှိပဲ အပြောင်းအလဲတွေ မကြာခဏ ဖြစ်နေရခြင်းကြောင့် အသင်းနည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ဟာ အကြိမ်ကြိမ်လှုပ်ခတ်ခဲ့ရပြီး အသင်းကနေ ထုတ်ပယ်ခံရမယ့် အရေးနဲ့လည်း ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်တိုက်စစ်မှူးဟောင်းကြီး ဟယ်ဆယ်ဘိန့်က “ကျွန်တော်ကတော့ ယူနိုက်တက်အနေနဲ့ အသင်းအတွင်းမှာ ပြသာနာတွေ ရှိနေလိမ့်မယ်လို့ ထင်မိပါတယ်”

Photo Credit : Daily Mirror

“အသင်းရဲ့ခံစစ်ပိုင်းမှာ ပြသာနာရှိနေသလို တိုက်စစ်လမ်းကြောင်းကို ပြောင်းလဲရမှာလည်း ပြသာနာရှိလို့နေတယ်။ သူတို့အသုံးပြုနေတဲ့ နည်းစနစ်တွေကလည်း ကောင်းမွန်ခြင်းမရှိဘူး။ ဒါက သာမာန်လို့တောင် ဆိုရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေက သူတို့ဆီကနေ အများကြီးတွေ မျှော်လင့်ထားမိတာကို။ ဒါကလည်း မန်ချက်စတာယူနိုက်တက်အသင်း ဖြစ်နေလို့လည်း ပါပါတယ်။ အဲဗာတန်အသင်းနဲ့ ပွဲမှာဆိုရင် သူတို့က ကွင်းလယ်မှာ ခံစစ်အားသန်တဲ့ ကွင်းလယ်လူ(၂)ယောက်ကို အသုံးပြုသွားတယ်။ တကယ်ဆို ဒီလိုပွဲမျိုးမှာက တိုက်စစ်အားသန်တဲ့ ပေါ့ဘာလို ကွင်းလယ်လူတွေကို အသုံးပြုခဲ့သင့်တာ။ အခုက မန်ချက်စတာယူနိုက်တက်အသင်း မဟုတ်တော့သလိုပါပဲ။ ကွင်းလယ်မှာ ဖရက်ဒ်နဲ့ တွမ်မီနေးတို့ကိုပဲ ရေရှည်သုံးနေမယ်ဆိုရင်တော့ ချန်ပီယံလည်း ဖြစ်လာမှာမဟုတ်သလို ချန်ပီယံဆုကို စိန်ခေါ်လာနိုင်မယ့်အသင်းလည်း ဖြစ်လာမှာမဟုတ်ဘူး။ လက်ရှိ အသုံးပြုနေတဲ့ ပုံစံက ခံစစ်တန်း(၄)အတွက် အထောက်အကူ ဖြစ်စေတယ်ဆိုပေမယ့်လည်း ရေရှည်သွားမယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်လောက်ပါဘူး။ ဒါဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပုံစံအစစ်အမှန် မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။