ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ကာ စပါးအသင်း နည်းပြဟောင်း ပိုချက်တီနိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပိုချက်တီနိုနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ များပြားနေပြီး ပရီးမီးယားလိဂ်မှာ ဆိုရင်လည်း ၆ပွဲ ကစားထားရာမှာ ၂ပွဲသာ အနိုင်ရရှိထားပြီး ၁ပွဲ သရေကျကာ ၃ပွဲအထိ အရေးနိမ့်ခဲ့ပြီး အဆိုပါ ရှုံးပွဲ ၃ပွဲစလုံးဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။

Photo Credit: Sports Witness

ဒါ့ကြောင့်ပဲ အစ္စတန်ဘူလ် အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဆိုးလ်ရှားရဲ့ အနာဂတ် ဟာ အတော်လေး လှုပ်ခတ် လာခဲ့ပြီး မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက မန်ယူအသင်း ဟာ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အတွက် ဆွေးနွေးမှုတွေ စတင် နေပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ကြ ပါတယ်။ ဒါ့အပြင် နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ ပယ်လ်ဂါရဲ့ အဆိုအရလည်း ပိုချက်တီနိုဟာ စပါးအသင်း က‌နေ ထွက်ခွာလာပြီး ကတည်းက မန်ယူအသင်းရဲ့ နည်းပြ ဖြစ်လာလိမ့်မယ် လို့ ယုံကြည် ထားသူ တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ပယ်ချခဲ့ကြောင်း သိရပါတယ်။

Photo Credit: Sports Witness

စပိန် အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ Radioestadio သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်း ဟာ ပိုချက်တီနိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ မှာတော့ ဆွေးနွေးမှုတွေ အောင်မြင်သွားပြီ ဖြစ်ကာ ပိုချက်တီနိုကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိ ရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ပိုချက်တီနိုဟာ မန်ယူအသင်းက ဆိုးလ်ရှားကို ထုတ်ပယ် ပြီးပြီးချင်းမှာပဲ မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာမှာ ဖြစ်ပြီး အနီးစပ်ဆုံး အနေနဲ့ ယခုတစ်ပတ် အကုန် (သို့) လာမယ့် အပတ်ထဲမှာပဲ ပိုချက်တီနိုဟာ မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ချေ ရှိနေပါတယ်။