လက်ရှိ အီတလီစီးရီးအေ အမှတ်ပေးပြိုင်ပွဲမှာ ဂျုဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတို့ကျော်ဖြတ်ပြီ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်လို့နေတဲ့ လာဇီယိုအသင်းက လာမယ့်ဘောလုံးရာသီမှာ သူတို့အသင်းနဲ့ နှစ်ပေါင်းများစွာ လွဲချော်လျက်ရှိနေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ပိုင်ဆိုင်နိုင်ရဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီလို ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ပိုင်ဆိုင်ရတော့မယ့်အချိန်မှာ လာဇီယိုက အသင်းကို အင်အားဖြည့်တင်းမှုတွေ များစွာပြုလုပ်သွားဖို့ ချိန်ရွှယ်လို့နေပြီး လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : AS English

အသက်၂၆နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ၂၀၁၇ခုနှစ်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ လိုင်ယွန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ လိုင်ယွန်မှာ အဓိက ကစားသမားတစ်ယောက်အဖြစ်နဲ့ ပြိုင်ပွဲစုံပွဲပေါင်း ၁၃၃ပွဲအထိကို ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး၅၃ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာပြသာနာတွေကြောင့် အနားယူလို့နေရတဲ့ ဒီပိုင်းဟာ လာမယ့် ၂၀၂၁ခုနှစ်မှာ လိုင်ယွန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် လိုင်ယွန်ဘက်ကနေ သက်တမ်းမတိုးနိုင်တော့ဘူးဆိုရင် အသင်းကနေ အမြန်ဆုံးရောင်းချလိုက်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Squawka

ဒီလိုအခြေအနေရှိနေတဲ့ ဒီပိုင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ပိုင်ဆိုင်ရတော့မယ့် လာဇီယိုအသင်းကနေ ခေါ်ယူသွားချင်နေပြီး ဒီရာသီမှာ သူတို့အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၇ဂိုးအထိတောင် သွင်းယူပေးထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးအင်မိုဘီလီနဲ့ တွဲဖက်အသုံးပြုစေချင်နေပါတယ်။ လာဇီယိုအသင်း ၃-၅-၂ ကစားကွက်ကို အများဆုံးသုံးစွဲလေ့ရှိတဲ့ အသင်းဖြစ်တာကြောင့်မို့ ပွဲတော်တော်များများမှာ အင်မိုဘီလီတစ်ယောက်တည်းကိုပဲ အထောင်တိုက်စစ်မှူးအဖြစ် အသုံးမပြုပဲနဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ယောက်နဲ့ တွဲဖက်သုံးလေ့ရှိတာကြောင့် ဒီပိုင်းသာရောက်လာခဲ့မယ်ဆိုရင်တော့ ဒီပိုင်းဟာ ကော်ရီရာ ကိုင်စီဒိုတို့နဲ့ နေရာအပြိုင်လုရနိုင်ပါတယ်။ လာဇီယိုအသင်းကတော့ လာမယ့်ရာသီအတွက် ဒီပိုင်းတစ်ဦးတည်းသာမကပဲ ချယ်လ်ဆီးတိုက်စစ်မှူးဂျရှကိုပါ ပစ်မှတ်ထားလျက်ရှိနေပါတယ်။