မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနားနောက်ခံကစားသမား မားကို့စ်ရိုဟိုဟာ အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းဆီကို အခုဆောင်းရာသီစျေးကွက်အတွင်းမှာ (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့အတွက် Personal Agreement တွေ ရယူထားနိုင်ခဲ့ပေမယ့်လည်း ဘိုကာဂျူနီယာအသင်းဘက်ကနေ ရိုဟိုအတွက် ပြောင်းရွှေ့ကြေး မပေးချေချင်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်တာဖြစ်လို့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့က အခက်အခဲ ရှိနေရပါတယ်။

Photo Credit : Manchester United

အသက်(၃၀)အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင်ဟောင်း ဗဟိုခံစစ်ကစားသမား ရိုဟိုဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလျက်ရှိနေပြီး ဒီနှစ်ရာသီအတွင်းမှာလည်း အသင်းမှာ လုံးဝကို ပါဝင်ကစားခွင့်မရသေးပဲ ပွဲတိုင်းလိုလိုမှာ ချန်လှပ်ခံနေရတာဖြစ်ပါတယ်။ ဒါကြောင့် ရိုဟိုက အခုဆောင်းစျေးကွက်အတွင်းမှာပဲ သူရဲ့မွေးရပ်မြေ အာဂျင်တီးနားက နာမည်ကြီး ကလပ်အသင်းဖြစ်တဲ့ ဘိုကာဂျူနီယာကို ပြောင်းရွှေ့ဖို့ စီစဉ်လာခဲ့ရာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေးအပိုင်းမှာပဲ အခက်အခဲတွေ ရှိနေရတယ်လို့ သိရပါတယ်။

Photo Credit : Utdreport

ဘိုကာဂျူနီယာအသင်းက ရိုဟိုအတွက် ပြောင်းရွှေ့ကြေးကို ပေးချေသွားခြင်းမရှိလိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူချင်နေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း သူ့ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ထွက်ခွာခွင့်ပြုစေချင်ပေမယ့် ရိုဟိုနဲ့ ယူနိုက်တက်အသင်းကြားမှာ စာချုပ်သက်တမ်းက (၆)လအထိ ကျန်ရှိနေသေးတာကြောင့် ပြောင်းရွှေ့ကြေးနဲ့သာ အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ်ရှိလို့ ရိုဟိုရဲ့အပြောင်းအရွှေ့က ကြန့်ကြာနေရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်က စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ရိုဟိုဟာ အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား အက်အေဖလား လိဂ်ဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အသင်းမှာ ပါဝင်ကစားခွင့်တွေ ပျောက်ဆုံးလာခဲ့ရလို့ ပြီးခဲ့တဲ့ရာသီအတွင်း သူငယ်စဉ်က ပါဝင်ကစားခဲ့ဖူးတဲ့ အာဂျင်တီးနားကလပ် အက်စတူဒီယန့်တတ်စ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ယူနိုက်တက်အသင်းကတော့ အခုဆောင်းစျေးကွက်အတွင်းမှာ နောက်ခံလူတွေဖြစ်တဲ့ ရိုဟိုနဲ့ ဖီးလ်ဂျုံးတို့အပြင် ဒီရာသီမှာ လုံးဝအသုံးပြုခြင်းမရှိတဲ့ အာဂျင်တီးနားဂိုးသမားကြီး ဆာဂျီယိုရိုမဲရိုးတို့ကိုပါ ရှင်းထုတ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။