ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာပဲ အသင်းရဲ့ တိုက်စစ်ကစားသမား လူကာကူကို အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၇၆)သန်းနဲ့ ရောင်းချခဲ့ပြီးနောက် ဘယ်တိုက်စစ်ကစားသမားကိုမှ အစားထိုးမခေါ်ယူဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေစျေးကွက်မှာတော့ တိုက်စစ်မှူးတစ်ယောက်လောက်ကို အရခေါ်ဆောင်ဖွယ်ရှိနေသလို လက်ရှိ လာဇီယိုအသင်းရဲ့ အီတလီဂိုးသွင်းစက်ဖြစ်တဲဲ့ အင်မိုဘီလီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : AS English

အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား အင်မိုဘီလီဟာ ဒီရာသီမှာ လာဇီယိုအသင်းအတွက် အထူးခြေစွမ်းပြနေသူဖြစ်ကာ အီတလီစီးရီးအေပြိုင်ပွဲမှာလည်း ပွဲစဉ်(၂၆)ပွဲ ကစားထားပြီး သွင်းဂိုး(၂၇)ဂိုးအထိရအောင် သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီရာသီရဲ့ စီးရီးအေ ဂိုးသွင်းဘုရင်အဖြစ် သတ်မှတ်ခံရဖို့ နီးစပ်လို့နေတဲ့ အင်မိုဘီလီကို လာမယ့်ရာသီမှာ လာဇီယိုအသင်းကနေ ပြောင်းရွှေ့ကြေးပေါင်းများစွာနဲ့ ရောင်းချသွားပြီး ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူသွားဖွယ်ရှိနေတဲ့အတွက် ယူနိုက်တက်ကနေ အင်မိုဘီလီကို ချိတ်ဆက်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Ronaldo.com

အသက်(၃၀)အရွှယ်ရှိ တိုက်စစ်မှူးအင်မိုဘီလီဟာ စီးရီးအေမှာ ခြေစွမ်းပြသနိုင်ခဲ့ရာကနေ ဒေါ့မွန်အသင်းဆီကို ရောက်ရှိလာခဲ့ပြီး ဘွန်ဒစ်လီဂါမှာတော့ သူရဲ့အကောင်းဆုံးပုံစံကို မပြသနိုင်တော့ပဲ ရုန်းကန်ခဲ့ရတာကြောင့် ၂၀၁၆ခုနှစ်မှာ လာဇီယိုအသင်းနဲ့အတူ စီးရီးအေဆီ ပြန်လည်ရောက်လာခဲ့ပြီး သူရဲ့သွင်းဂိုးစွမ်းရည်တွေကိုလည်း ပြန်လည်ပိုင်ဆိုင်လာခဲ့ပါတယ်။ ဒီလို သွင်းဂိုးစွမ်းရည်ကောင်းလှတဲ့ အင်မိုဘီလီကို ယူနိုက်တက်ဘက်ကနေ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း သူရဲ့ကစားသမားဘဝ အကောင်းဆုံးအချိန်မှာ လာဇီယိုထက် တစ်ဆင့်မြင့်မားတဲ့ ကလပ်အသင်းဆီ ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ကတော့ လာမယ့်ရာသီမှာ အသင်းရဲ့တိုက်စစ်အင်အားကို တိုးမြှင့်နိုင်ဖို့အတွက် ဒေါ့မွန်တောင်ပံကစားသမားဆန်ချို ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်တိုက်စစ်မှူးလေး အန်ဆူဖာတီတို့ကို ပစ်မှတ်ထားနေပြီး ဖာတီကို ယူရိုသန်းတစ်ရာနဲ့လည်း ကမ်းလှမ်းခဲ့ရာ ဘာစီလိုနာဘက်ကနေ ငြင်းဆိုခဲ့ပါသေးတယ်။