MySport Myanmar

အမ်ဘူမိုကို ခေါ်ယူရေး သဘောတူညီမှု ရရှိဖို့ နီးစပ်လာတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘရန့်ဖို့ဒ်က ကင်မရွန်းတိုက်စစ်မှူးအတွက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို မန်ယူနိုက်တက်က သိရှိထားပြီးသား ဖြစ်ပါတယ်။

Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက်ဟာ အမ်ဘူမိုအတွက် ကာလရှည်ကြာစောင့်ဆိုင်းနေရတဲ့ ခေါ်ယူမှုဟာ မကြာခင် အဆုံးသတ်တော့မှာဖြစ်ပြီး အပေးအယူ မျှတတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ယုံကြည်နေပါတယ်။ ဘရန့်ဖို့ဒ်အသင်းက သူတို့ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ အမ်ဘူမိုအတွက် ပေါင် ၆၅ သန်းကျော် တောင်းဆိုထားတယ်လို့ သိရပါတယ်။

Photo Credit : Goal

အမ်ဘူမိုဟာ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ သွင်းယူနိုင်ခဲ့သူပါ။ မန်ယူနိုက်တက်ကတော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေဟာ ကလပ်ရဲ့ စီမံကိန်းနဲ့ ကိုက်ညီတယ်လို့ ယုံကြည်နေပြီး ကစားသမားကလည်း တစ်ပတ်လုပ်ခကို ပေါင် ၂၀၀၀၀၀ အောက်သာ တောင်းဆိုထားတာပါ။

မန်ယူနိုက်တက်ဟာ အမ်ဘူမိုအတွက် ကမ်းလှမ်းမှု နှစ်ကြိမ် ပယ်ချခံထားရပြီးပါပြီ။ ပထမအကြိမ်က ပေါင် ၅၅ သန်းဖြစ်ပြီး ဒုတိယအကြိမ်ကတော့ ပေါင် ၆၂.၅ သန်းအထိ တိုးမြှင့်ကမ်းလှမ်းခဲ့တာပါ။ တကယ်လို့ အခုကမ်းလှမ်းမှုသာ အောင်မြင်ပြီး ကင်မရွန်းလက်ရွေးစင် အမ်ဘူမိုက နည်းပြရူဘင် အန်မိုရမ်ရဲ့ နည်းစနစ်မှာ မာသီးယပ်စ် ကူညာနဲ့အတူ တွဲဖက်ပြီး နံပါတ် ၁၀ ကစားသမား အဖြစ် ပါဝင်ကစားဖွယ်ရှိပါတယ်။ ဒီအတွဲအဖက်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၃၅ ဂိုး သွင်းယူခဲ့ကြတာမို့ ယူနိုက်တက်တို့ အဆင့်ပြန်တက်လာစေဖို့ သူတို့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Photo Credit : Football365

သတင်းဖော်ပြချက်အရ အမ်ဘူမိုဟာ ကလေးဘဝကတည်းက မန်ယူပရိသတ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ တော့တင်ဟမ် ဟော့စပါးလို ပြိုင်ဘက်အသင်းတွေ စိတ်ဝင်စားနေတာကြားက ယူနိုက်တက်ကိုပဲ ပြောင်းရွှေ့ချင်စိတ် ပြင်းပြနေတဲ့ အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ စပါးက ဘရန့်ဖို့ဒ်ရဲ့ နည်းပြဟောင်း သောမတ်စ် ဖရန့်ခ် ကိုင်တွယ်တဲ့အသင်းဖြစ်သလို နောက်ရာသီ ချန်ပီယံလိဂ်လည်း ကစားရမှာပါ။ အမ်ဘူမိုနဲ့ ကူညာတို့ဟာ အကြိမ် ၂၀ ချန်ပီယံဆုရှင် ယူနိုက်တက်ကို အရင်လို အောင်မြင်မှုတွေ ပြန်ရဖို့အတွက် လိုအပ်နေတဲ့ အဓိက ကစားသမားတွေဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ တောင်းဆိုတဲ့ တန်ဖိုးနဲ့ ကိုက်ညီတဲ့ ကမ်းလှမ်းမှု ဒါမှမဟုတ် အပေးအယူမျှတတဲ့ သဘောတူညီမှု ရခဲ့ရင် ကျန်တဲ့စာချုပ်ကိစ္စတွေ အမြန်ပြီးစီးလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ပရီးမီးယားလိဂ်ရာသီသစ်က သြဂုတ်လ ၁၆ ရက်နေ့မှာ စတင်မှာဖြစ်ပြီး အမ်ဘူမိုအပြင် တခြားတိုက်စစ်မှူးအသစ်တစ်ဦးကိုလည်း အဲဒီအချိန်မတိုင်ခင် ခေါ်ယူနိုင်မယ်လို့ မန်ယူနိုက်တက်က မျှော်လင့်နေပုံရပါတယ်။

Exit mobile version