ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ယခုနှစ် နွေရာသီရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ဆားဘီးယား ကလပ် ပါလ်တီဇန်အသင်းရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် စတီဗာနိုဗစ်ကို ခေါ်ယူနိုင်ခဲ့တယ် လို့ သိရှိရပါတယ်။ အသက် ၁၇နှစ်အရွယ် လူငယ် တောင်ပံ ကစားသမား စတီဗာနိုဗစ်ဟာ ဆားဘီးယန်း ရိုနယ်ဒိုအဖြစ် နာမည်ကြီးနေတဲ့ လူငယ် ကစားသမား ဖြစ်ပြီး ဘယ်တောင်ပံကို အဓိက ထားဆော့သူ ဖြစ်ကာ ယခုနှစ် ဘောလုံး ရာသီမှာ ပြိုင်ပွဲစုံ ၃၅ ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ကာ ၃ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: United in Focus

ဆားဘီးယား အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Republika သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ယူအသင်းဟာ စတီဗာနိုဗစ်ကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ကြောင်း သိရပြီး မကြာမီမှာပဲ အပြောင်းအရွှေ့ ပြီးမြောက်ကြောင်း ကို နှစ်သင်းစလုံးဟာ တရားဝင် ကြေညာသွားဖွယ် ရှိနေပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ Fabrizio Romano ကလည်း မန်ယူအသင်းနဲ့ စတီဗာနိုဗစ်ရဲ့ အပြောင်းအရွှေ့ ဟာ ပြီးမြောက် သွားပြီ ဖြစ်ကြောင်း အတည်ပြု ထားခဲ့ပြီး မန်ယူအသင်းဟာ စတီဗာနိုဗစ်ကို ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမယ်လို့လည်း သိရှိရပါတယ်။

Photo Credit: United in Focus

မန်ယူအသင်းဟာ စတီဗာနိုဗစ်ကို ခေါ်ယူပြီးပါက အသင်းထံ ချက်ချင်း ခေါ်ယူဦးမှာ မဟုတ်ပဲ ပါလ်တီဇန်အသင်းထံ တစ်ရာသီ အငှားချမှာ ဖြစ်ကာ ၂၀၂၁ ဘောလုံးရာသီ ကုန်ဆုံးချိန်မှသာ စတီဗာနိုဗစ်ကို အသင်းထံ ပြန်လည် ခေါ်ယူမယ် လို့ ဆားဘီးယား သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။ စတီဗာနိုဗစ်ရဲ့ အင်စတာဂရမ် အကောင့်မှာလည်း မန်ယူအသင်းထံ ပြောင်းရွှေ့နိုင်ခဲ့ပြီ ဖြစ်ကြောင်း အရိပ်အမြွက် ပြသတဲ့ ပို့စ်တွေ တင်ထားတာကို မြင်တွေ့ရပြီး စတီဗာနိုဗစ် ကို ခေါ်ယူနိုင်ဖို့ အတွက် မန်ယူအသင်းဟာ လီဗာပူးအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ကျော်ဖြတ်ခဲ့ရတယ်လို့လည်း ဥရောပအခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ သိရှိရပါတယ်။