လူကာကူ ဆန်းချက်ဇ်တို့လို တိုက်စစ်ကစားသမားတွေနဲ့ လမ်းခွဲခဲ့ပြီးနောက် တိုက်စစ်မှူးအသစ်မခေါ်ယူခဲ့ပဲ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်လိုအပ်ချက်ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီစျေးကွက်အတွင်းမှာပဲ ရှန်ဟိုင်းရှန်ဟွာအသင်းရဲ့ နိုင်ဂျီရီးယား တိုက်စစ်မှူး အိုဒီယွန်အီဂါလိုကို ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ရာ အသင်းအတွက် အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း အခုဆိုရင် အငှားစာချုပ်ပြည့်ဖို့က ရက်ပိုင်းလေးပဲ ကျန်ရှိတော့တာဖြစ်လို့ အီဂါလိုကို သူရဲ့ မူလအသင်းဆီကို ပြန်လည်ပို့ဆောင်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Getty Image

အသက်(၃၀)အရွှယ်ရှိ နိုင်ဂျီရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အီဂါလိုဟာ ယူနိုက်တက်အသင်းမှာ (၃)လအထိ ပါဝင်ကစားပေးခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး(၄)ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အရူးအမူး အားပေးခဲ့ရတဲ့အသင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့်လည်း တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံနှံလာချိန်မှာ ဘောလုံးပွဲတွေကိုပါ ရပ်နားထားခဲ့ရလို့ အီဂါလိုလည်း ယူနိုက်တက်အတွက် ကစားခွင့်မရတော့ပဲ အခုဆိုရင် သူနဲ့ ယူနိုက်တက်အသင်းတို့ကြား အငှားစာချုပ်သက်တမ်းမှာလည်း ကုန်ဆုံးချိန်ကို ရောက်နေပြီဖြစ်သလို ရှန်ဟိုင်းရှင်ဟွာအသင်းကလည်း အီဂါလိုကို အသင်းဆီပဲ ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။

Photo Credit : Getty Image

ယူနိုက်တက်အသင်းက ဒီနှစ်ရာသီကုန်ဆုံးချိန်ထိ အီဂါလိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်အောင် အငှားသက်တမ်းကို တိုးမြှင့်ပေးဖို့ ရှန်ဟိုင်းရှင်ဟွာအသင်းဆီကို တောင်းဆိုခဲ့ပေမယ့် ရှန်ဟိုင်းရှင်ဟွာအသင်းကတော့ လက်မခံခဲ့ပဲ ငြင်းဆန်ပယ်ချခဲ့ပြီး အီဂါလိုကိုလည်း တစ်နှစ်လုပ်ခ ပေါင်(၄)သိန်းအထိတောင် တိုးပေးပြီး စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ကလည်း အီဂါလိုကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိပေမယ့် ဒီနှစ်ရာသီကုန်ဆုံးချိန်ထိတော့ အီဂါလိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာ တရုတ်စူပါလိဂ် ဘောလုံးပြိုင်ပွဲက ပြန်လည်စတင်တော့မှာဖြစ်တာကြောင့် ရှန်ဟိုင်းရှင်ဟွာအသင်းက သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ အီဂါလိုကို အသင်းနဲ့ အလျင်အမြန် လာရောက်ပူးပေါင်းစေချင်နေပြီး အီဂါလိုအနေနဲ့ လာမယ့်တနင်းလာနေ့မှာပဲ ယူနိုက်တက်နဲ့ လမ်းခွဲရဖွယ်ရှိနေပါတယ်။ အီဂါလိုကို လက်လွတ်ရတော့မှာဖြစ်ပေမယ့် ရပ်ဖိုဒ့် ဒဏ်ရာကနေ ပြန်လည်သက်သာလာတာကတော့ ယူနိုက်တက်အသင်းအတွက် စိတ်သက်သာရာရစေမှာ သေချာပါတယ်။