ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာရဲ့ အဓိက တိုက်စစ်မှူး နူနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်လာကြောင်း ပေါ်တူဂီအခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Record သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒို ၊ မာရှယ်နဲ့ ရက်ဖို့ဒ်တို့လို တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် သုံးဦးစလုံးက အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း မရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် တန်ဟက်ဂ်က နံပါတ်၉ တိုက်စစ်မှူးစစ်စစ် ဖြစ်တဲ့ နူနက်ဇ်ကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပါတယ်။

Photo Credit: Mirror

အသက် ၂၂နှစ် အရွယ် ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူး နူနက်ဇ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာနဲ့ အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ဘင်ဖီကာအတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၃၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ကနဦးမှာတော့ နူနက်ဇ်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ တွန့်ဆုတ်နေခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ စူပါအေးဂျင့် ဂျော့စ်မန်ဒက်က နူနက်ဇ်ရဲ့ အေးဂျင့်တဦး ဖြစ်လာခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်နဲ့ နူနက်ဇ်တို့ရဲ့ ကြားထဲမှာ ဆက်ဆံရေးတွေ တိုးတက်လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က နူနက်ဇ်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်လာခဲ့ပါတယ်။

Photo Credit: Mirror

နာမည်ကြီး ပေါ်တူဂီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Record သတင်းဌာနရဲ့ ဖော်ပြချက်အရ ဥရောပရဲ့ နာမည်ကြီးအသင်းတွေက နူနက်ဇ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပေမယ့် မန်ချက်စတာ ယူနိုက်တက်က နူနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး မန်ချက်စတာ ယူနိုက်တက်ဘက်က နူနက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် ပေးချေရဖွယ် ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ နူနက်ဇ်အတွက် အသားတင် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ပေးချေမယ့်အစား မာရှယ်ကို အလိုက်ပေးကာ မာရှယ် + ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်းလည်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။