မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့်နွေစျေးကွက်အတွင်းမှာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမားလေး ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အသည်းအသန် ကြိုးစားလျက်ရှိနေပေမယ့် ဒေါ့မွန်ဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် အနည်းပေါင်သန်းတစ်ရာလောက်အထိ အလိုရှိနေတာကြောင့် စီးပွားရေးဂယက်ဒဏ်ခံနေရတဲ့ ယူနိုက်တက်အသင်းအနေနဲ့ အခက်တွေ့နိုင်ပြီး ဆန်ချိုကို ခေါ်ယူဖို့က အခြားနည်းလမ်းတစ်မျိုးနဲ့ ကြိုးစားရဖွယ်ရှိနေကာ အသင်းက ကစားသမားတချို့ကိုပါ အလိုက်ပေးကမ်းလှမ်းတာမျိုးကို လုပ်ဆောင်လာရနိုင်ပါတယ်။

Photo Credit : Getty Image

သိပ်မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူရာမှာ အသင်းရဲ့ တိုက်စစ်ကစားသမားဆန်းချက်ဇ်ကို အလိုက်ပေးကမ်းလှမ်းဖွယ်ရှိတယ်လို့ သိရပေမယ့် ဆန်းချက်ဇ်က ဒီနောက်ပိုင်းမှာ ခြေစွမ်းပိုင်း အကျဘက်ကိုရောက်နေတဲ့အပြင် ဒဏ်ရာတွေနဲ့လည်း လုံးပန်းနေရသလို သူရဲ့ လစာပမာဏကလည်း မြင့်မားလွန်းတာကြောင့် ဒေါ့မွန်ဘက်ကနေ ဒီကမ်းလှမ်းမှုကို ငြင်းဆန်လိုက်ဖို့က သေချာနေရပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့အတွက် ယူနိုက်တက်ပရိသတ်တစ်ဦးက ဆန်ချိုကို ခေါ်ယူရာမှာ အဆင်ပြေနိုင်ဖို့ ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကို အလိုက်ပေးသင့်တယ်လို့ အကြံပြုခဲ့ရာ တခြားယူနိုက်တက်ပရိသတ်တွေပါ ဝိုင်းဝန်းထောက်ခံခဲ့ကြပါတယ်။

Photo Credit : Getty Image

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်က ရှက်ဖီးယူနိုက်တက်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ယူနိုက်တက်အသင်းပိုင် ကစားသမားလေးတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ ဂိုးပေါက် ဒေးဗစ်ဒီဂီယာရှိနေတာကြောင့် ယူနိုက်တက်မှာ နေရာရဖို့ ခက်ခဲနေသူလည်းဖြစ်ပါတယ်။ ဒီရာသီမှာ ရှက်ဖီးအသင်းအတွက် ပရီးမီးယားလိဂ် Clean Sheet (၁၀)ပွဲအထိကို ရယူပေးထားနိုင်တဲ့ ဒင်းဟန်ဒါဆန်ကို ရှက်ဖီးဘက်ကနေ နောက်ထပ်တစ်ရာသီ ထပ်ငှားချင်နေသေးသလို ယူနိုက်တက်ဘက်ကနေလည်း ပြန်လည်ခေါ်ယူဖို့ ဆန္ဒမရှိသေးတဲ့ အခြေအနေဖြစ်နေချိန် ဟန်ဒါဆန်ကို ရှက်ဖီးဆီ ထပ်အငှားမချတော့ပဲ ဒေါ့မွန်အသင်းဆီကို ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးမှာ အလိုက်ပေးစေချင်တာဖြစ်တယ်လို့ ယူနိုက်တက်ပရိသတ်တွေဘက်ကနေ အကြံပြုလာခဲ့ပါတယ်။ ဒေါ့မွန်ဟာ လက်ရှိ သူတို့ရဲ့ ဂိုးသမားဘာကီနဲ့ လမ်းခွဲရဖွယ်ရှိနေတာကြောင့် ဟန်ဒါဆန်လို အရည်အသွေးမြင့်မားလှတဲ့ ဂိုးသမားတစ်ဦးကို လိုအပ်နေမှာသေချာပြီး (၂)ရာသီလောက် အငှားချပေးလိုက်မယ်ဆိုရင် ဒေါ့မွန်ဘက်က ဒီကမ်းလှမ်းမှုကို လက်သင့်ခံလာနိုင်တယ်လို့ သုံးသပ်ပြောဆိုလို့ထားပါတယ်။