မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲကြို ပွဲစဉ်မှာ ယူနိုက်တက်အသင်း ပရိသတ်တွေဟာ အသင်းပိုင်ရှုင် ဂလေဇာမိသားစုအပေါ် ဆန္ဒပြမှုတွေ ထပ်မံလုပ်ဆောင်သွားခဲ့သလို ကွင်းထဲမှာလည်း ထိုင်ခုံ အလွတ်ပေါင်း ထောင်ကျော်လောက်အထိကို ရှိခဲ့ရပါတယ်။

Manchester United fans protested against the Glazer family at Old Trafford

Photo Credit : The Sun

ယူနိုက်တက်အသင်းရဲ့ ပရိသတ်ပေါင်း (၅၀၀၀)ခန့်ဟာ အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်း အပြင်ဘက်မှာ စုရုံးပြီး အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုကို အလိုမရှိကြောင်း စာတန်းတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာမိသားစုဝင်တွေရဲ့ အသင်းပိုင်ဆိုင်မှု (၁၇)နှစ်ကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ပွဲကစားချိန် (၁၇)မိနစ်အထိကို ကွင်းပြင်ပမှာ နေထိုင်ခဲ့တာလို့ သိရှိရပါတယ်။ ပွဲကစားချိန် ပထမပိုင်းအပြီးမှာ ယူနိုက်တက် ပရိသတ်တွေက “ငါတို့တွေ ဂလေဇာတို့ကို အသင်းက ထွက်ခွာသွားစေချင်တယ်” “ဂလေဇာတို့ကို မုန်းတီးနေတယ်ဆိုရင် မတ်တပ်ရပ်လိုက်ကြပါ” လို့ အော်ဟစ်ကြွေးကြော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

Man Utd fans continued their loud protests against the Glazers

Photo Credit : The Sun

အခုလို ပရိသတ်တွေ အုံလိုက်ကျင်းလိုက်ကြီး ဆန္ဒပြမှုဟာ နောဝစ်ချ်နဲ့ပွဲစဉ် မတိုင်ခင်မှာ ဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာလည်း ဆန္ဒပြမှုတွေကို ဆက်တိုက်လုပ်ဆောင်လာခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းကို အရူးအမူး အားပေးကြတဲ့ ပရိသတ်များဟာ အသင်းကို ဂလေဇာမိသားစုတွေ စတင်ပိုင်ဆိုင်ခဲ့ကြတဲ့ ၂၀၀၅ခုနှစ်ကနေပြီး ဆက်ဆံရေးပိုင်းမှာ အဆင်မပြေ ဖြစ်နေခဲ့ရသလို ဂလေဇာမိသားစုဝင်တွေဘက်က ပြီးခဲ့တဲ့နှစ်မှာပဲ အသင်းကို ဥရောပစူပါလိဂ် ပရောဂျက်ထဲ ဝင်ရောက်ဆင်နွဲဖို့အတွက် ကြိုးပမ်းခဲ့အပေါ် အသင်းပရိသတ်တွေက ဒေါသပုန်ထခဲ့ရကာ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာလည်း ဒီရာသီမှာ ရော်နယ်လ်ဒို ဗာရန်း ဆန်ချိုတို့လို တကယ့် ထိပ်တန်းကစားသမားတွေ ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် အသင်းရဲ့ ရလဒ်ပိုင်းတွေက မတည်မငြိမ် ဖြစ်နေရသလို ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေပါ အားရစရာ အနေအထားမှာ ရှိမနေတာကြောင့် ဆုဖလားလက်မဲ့ ရာသီတစ်ခုကို ဆက်လက်ဖြတ်သန်းနေရတဲ့အပြင် ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ရတော့မယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။