အခါးသီးဆုံးသော ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းအိုးထရက်ဖိုဒ့်ကွင်းမှာပဲ (၅)ဂိုးပြတ်နဲ့ အပြတ်အသတ် အရေးနိမ့်ထားခဲ့တဲ့အပြင် အတ္တလန်တာအသင်းကိုလည်း နှစ်ကြိမ်တိုင် ဦးဆောင်ခံရပြီးမှ ရော်နယ်လ်ဒိုရဲ့ ကယ်တင်မှုတွေနဲ့ သရေကျခဲ့ပြီး မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီမှာပါ မြို့ခံမန်စီးတီးအသင်းကို ရှံးနိမ့်ခဲ့ရပြန်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေအတွက်က တကယ့်ကို စိတ်ပျက်စရာ ရက်သတ္တပတ်တွေကို ဖြတ်သန်းနေရပေမယ့် ဒါဘီပွဲစဉ်အတွင်း ကစားသမားတစ်ဦး သွေးပူလေ့ကျင့်ခန်းဆင်းနေခြင်းနဲ့ အသင်းအတွက် ဝင်ရောက်ကစားခြင်းက ပရိသတ်တွေအတွက် အတော်လေးကို စိတ်ကျေနပ်စရာတစ်ခု ဖြစ်စေခဲ့ရပါတယ်။

Photo Credit :  NU

နယ်သာလန် ကွင်းလယ်ကစားသမားလေး ဗန်ဒယ်ဘိခ်ဟာ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက အသင်းမှာ နေရာသိပ်မပေးပဲ ခေါက်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပေမယ့်လည်း ပေါ့ဘာ ဖရက် တွမ်မီနေး မာတစ်တို့လို ကွင်းလယ်ကစားသမားတွေ များပြားနေတဲ့ ယူနိုက်တက်ကွင်းလယ်မှာ နေရာရဖို့ ခက်ခဲနေသူ ဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ အေဂျက်ကွင်းလယ်လူဟောင်း ဗန်ဒယ်ဘိခ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၆)ပွဲသာ ကစားထားရသေးတာဖြစ်သလို ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလားပွဲမှာပဲ အသင်းအတွက် တစ်ပွဲလုံးကို ပါဝင်ထားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit :  The Sun

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဖရက် တွမ်မီနေးတို့အပြင် ပေါ့ဘာပါ ခြေမပေါ်သလို ဖြစ်နေတဲ့အချိန် ပရိသတ်တွေက ဗန်ဒယ်ဘိခ်ကို နေရာပေးစေချင်ပေမယ့် ဆိုးလ်ရှားကိုယ်တိုင်ကတော့ ဖရက်နဲ့ တွမ်မီနေးတို့ အတွဲအဖက်ကိုသာ ဦးစားပေး သုံးစွဲနေတဲ့အပြင် လူစားလဲရင်တောင် ဗန်ဒယ်ဘိခ်ထက် မာတစ်ကို ပိုပြီးဦးစားပေး ထည့်သွင်းတာကြောင့် ဒီအခြေအနေကို ပရိသတ်တွေက ဒေါသပုန်ထနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့က ကစားသွားခဲ့တဲ့ မန်ချက်စတာဒါဘီမှာတော့ ဗန်ဒယ်ဘိခ်က ဒုတိယပိုင်း ပွဲချိန်အတွင်း ကွင်းဘေးစည်းမှာ အသင်းသားတွေနဲ့အတူ သွေးပူလေ့ကျင့်ခန်းဆင်းနေခြင်းကို ယူနိုက်တက်ပရိသတ်တွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့သလို ဗန်ဒယ်ဘိခ်ရဲ့နာမည်ကို အော်ဟစ်ကာ တခဲနက် အားပေးခဲ့ကြတဲ့အတွက် ပွဲချိန်(၇၉)မိနစ်မှာပဲ ဖရက်နေရာမှာ ဗန်ဒယ်ဘိခ်ကို လူစားလဲခဲ့ရပါတယ်။ အသင်းရဲ့ရလဒ်တွေနဲ့ ပုံမှန်အောက် ရောက်ရှိနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် စိတ်ပျက်နေရတဲ့ ယူနိုက်တက်ပရိသတ်များဟာ ဗန်ဒယ်ဘိခ်ကို မြင်တွေ့ရချိန်မှာတော့ မယုံနိုင်လောက်အောင် အော်ဟစ်ကြွေးကြော် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။