မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာဟာ လက်ရှိအချိန်မှာတော့ စပိန်အသင်းနဲ့အတူ UEFA Nations League ပွဲစဉ်တွေကို ဆင်နွဲနေတာဖြစ်ပြီး ဂျာမနီလက်ရွေးစင်အသင်းနဲ့ ပွဲစဉ်မှာလည်း စပိန်အသင်းဘက်ကနေ ပါဝင်ကစားခဲ့ကာ လက်စွမ်းပြသကာကွယ်မှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ စပိန်နဲ့ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေအတွက် စိတ်ကျေနပ်လောက်တဲ့ လက်စွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ဒီဂီယာဟာ အခုဆိုရင်လည်း ယူနိုက်တက်အသင်းအတွက် အေးဂျင့်တစ်ယောက်အဖြစ်နဲ့ပါ စွမ်းဆောင်လာဖွယ် ရှိလို့နေပါတယ်။

Photo Credit : Instagram

စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ စပိန်အသင်းအတွက် တာဝန်ထမ်းဆောင်နေစဉ်အတွင်း သူရဲ့အင်စတာဂရမ်မှာ စပိန်အသင်းဖော်တစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကို ဖော်ပြသွားခဲ့ပြီး ဒီဓါတ်ပုံထဲမှာ ဒီဂီယာနဲ့ တွဲရိုက်ခဲ့သူက ယူနိုက်တက်အသင်းကနေ အလိုရှိနေတဲ့ စပိန်ဘယ်နောက်ခံကစားသမား ဆာဂျီယိုရယ်ဂီလွန်ပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းသား ရယ်ဂီလွန်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားဖို့ နီးစပ်နေသူဖြစ်ပြီး သူ့ကိုလည် ယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ အတော်လေးကို စိတ်ဝင်စားလျက်ရှိလို့နေပါတယ်။

Photo Credit : ManUtdtimes

အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်ဘယ်နောက်ခံကစားသမား ရယ်ဂီလွန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ရီးရဲလ်ကနေ ဆီဗီလာအသင်းဆီကို အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို အရယူဆောင်နိုင်ခဲ့ကာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် သူ့ကို စပိန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်လာခဲ့တာဖြစ်သလို ဥရောပထိပ်တန်းအသင်းများစွာကနေလည်း ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားလာခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ ဒီဂီယာက သူရဲ့အင်စတာဂရမ်ပေါ်ကနေ ရယ်ဂီလွန်နဲ့ တွဲဖက်ရိုက်ကူးထားခဲ့တဲ့ ဓါတ်ပုံတစ်ပုံကို ဖော်ပြလာခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်များစွာအတွက် စိတ်လှုပ်ရှားစေခဲ့ရပြီး ဒီဂီယာကိုလည်း ယူနိုက်တက်ပရိသတ်တွေက “အေးဂျင့်ဒီဂီယာ” လို့ နာမည်ပြောင်ပေးကာ ရယ်ဂီလွန်ကို အသင်းဆီိ ရောက်ရှိလာအောင် ကူညီပေးဖို့ပါ တောင်းဆိုလာခဲ့ကြပါတယ်။ နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ရယ်ဂီလွန်ကို ရီးရဲလ်အသင်းကနေ အပြီးသတ်ခေါ်ယူသွားဖို့ထက် တစ်ရာသီအငှားနဲ့သာ အရင်ဆုံးခေါ်ယူချင်နေပြီး အငှားပြည့်မှသာ အပြီးသတ်ခေါ်ယူဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။