ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယ်သာလန် ၂-၀ ဆီနီဂေါ ပွဲစဉ်မှာ နယ်သာလန် အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂတ်ပိုအား ခေါ်ယူပေးဖို့ သူတို့အသင်းရဲ့ တာဝန်ရှိသူတွေထံ စတင် တောင်းဆိုနေကြကြောင်း သိရပါတယ်။

အုပ်စုအဖွင့်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ နယ်သာလန်နဲ့ ဆီနီဂေါတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် ကွင်းလယ်လူ ဒီယောင်ရဲ့ တိကျတဲ့ ဖြတ်တင်ဘော ၊ ဂတ်ပိုရဲ့ ချိန်သားကိုက် ပြေးထွက်မှုတို့ကြောင့် ရသွားခဲ့တဲ့ အဖွင့်ဂိုးကြောင့်သာ နယ်သာလန်ဟာ အသက်ရှူချောင်ခဲ့ရတယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။

Photo Credit: MEN

နယ်သာလန် ၂-၀ ဆီနီဂေါ ပွဲစဉ်မှာ နယ်သာလန်က အနိုင်ဂိုး ၂ဂိုးစလုံးကို ပွဲချိန် မိနစ် ၈၀ နောက်ပိုင်းမှ ရခဲ့တာ ဖြစ်ပြီး နယ်သာလန် အတွက် အဖွင့်ဂိုးကို ပွဲချိန် ၈၄မိနစ်မှာ ဂတ်ပိုက သွင်းယူပေးခဲ့တာ ဖြစ်ကာ ပွဲသိမ်း အနိုင်ဂိုးကိုတော့ ပွဲချိန် ၉၀+၉ မိနစ်မှာ လူစားဝင် ကွင်းလယ်လူ ကလာဆန်က သွင်းယူပေးခဲ့တာပါ။

အဆိုပါပွဲမှာ ဂတ်ပိုက နယ်သာလန်ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင် ကစားသွားခဲ့ပြီး သူဟာ အသင်းအတွက် အနိုင်ဂိုး ၁ဂိုးကို သွင်းယူပေးခဲ့သလို အခွင့်အရေး ဖန်တီးမှု ၃ကြိမ် ၊ လိမ်ခေါက် ဖြတ်ကျော်မှု ၁ကြိမ်တို့ ရှိခဲ့ကာ နယ်သာလန် အတွက် အရေးပါခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။

Photo Credit: MEN

ဒါကြောင့်ပဲ လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ ဂတ်ပိုကို ခေါ်ယူမယ်လို့ သတင်းကြီးနေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက ဂတ်ပိုကို အမြန်ဆုံး ခေါ်ယူပေးဖို့ သူတို့အသင်းထံ တောင်းဆိုနေကြပြီး တချို့ ပရိသတ်တွေက ဂတ်ပိုနဲ့အတူ ဒီယောင်ကိုပါ သူတို့အသင်းဆီ ခေါ်ပေးဖို့ ထုတ်ပြောနေကြပါတယ်။

ပီအက်စ်ဗွီကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပို အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အလိုရှိနေပြီး မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီဈေးကွက် အတွင်းမှာ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကိုသာ လက်လွှတ်လိုက်ရရင် ဂတ်ပိုကို အစားထိုး ကစားသမား အဖြစ် ပြန်ခေါ်မယ့် အလားအလာတွေ ရှိနေပါတယ်။