ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေ ကတော့ ဂျူဗင်တပ်အသင်း ကနေ ရောင်းချတော့မယ် လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ရိုနယ်ဒိုကို အသင်းထံ ခေါ်ယူပေးဖို့ အသင်းရဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ တောင်းဆို နေကြကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အီတလီ စီးရီးအေ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ကိုရိုနာဗိုင်းရပ် ပျံ့ပွားနေမှုကြောင့် အသင်းရဲ့ ဘဏ္ဏာရေး ထိခိုက်လာတာကြောင့် အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်တဲ့ ရိုနယ်ဒိုကို ရောင်းချဖို့ စဉ်းစားနေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

Photo Credit: Mirror

လက်ရှိမှာ အသက် ၃၅နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနေပေမယ့် အသင်းမှာ တစ်နှစ်ကို ပေါင် ၂၈သန်း အထိ ရရှိနေကာ အသင်းရဲ့ ဒုတိယ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်တဲ့ ဒိုင်ဘာလာထက် များစွာ ပိုမို များပြားနေတာကြောင့် ဂျူဗင်တပ် အသင်းဟာ သူတို့ရဲ့ ဘဏ္ဏာရေး အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ အတွက် ရိုနယ်ဒိုကို ရောင်းချဖို့ စဉ်းစားနေတာပါ။ ဒါ့အပြင် တစ်ဖက်မှာလည်း ဂျူဗင်တပ်အသင်းနဲ့ ရိုနယ်ဒိုတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၂ ခုနှစ် ဇွန်လအကုန်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ရိုနယ်ဒိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရခင်မှာ ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုကို ရောင်းချချင်နေတာပဲ ဖြစ်ပါတယ်။

 

Photo Credit: Mirror

လက်ရှိမှာတော့ ရိုနယ်ဒိုကို ခေါ်ယူဖို့ အတွက် ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်း က စိတ်ဝင်စားနေပြီး မန်ယူအသင်းရဲ့ ပရိသတ်တချို့ ကတော့ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ရိုနယ်ဒိုကို အသင်းထံ ပြန်လည် ခေါ်ယူပေးဖို့ တိုက်တွန်းနေကြပါတယ်။ မန်ယူပရိသတ်တွေ ရေးသား ထားတဲ့ စာသား တချို့ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ “ဂျူဗင်တပ်ကသာ ရိုနယ်ဒိုကို ရောင်းရင် ဘာဖြစ်လို့ ငါတို့က သူ့ကို မခေါ်ရမှာလဲ” ။ “ရိုနယ်ဒိုကိုသာ ပြန်ခေါ်လိုက်ပါ… ငါတို့တွေ ပရီးမီးယားလိဂ် ဖလားကို ပြန်ပြီး စိန်ခေါ်နိုင်မှာ သေချာတယ်” ။ “သူ့ကို ခေါ်နိုင်တဲ့ အသင်းက ကံကောင်းတဲ့ အသင်းပဲ… ငါတို့တွေ သူ့ကို လိုအပ်တယ်” ။ “၁၀၀၀ ရာခိုင်နှုန်းပဲ… သူက ငါတို့အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာမှာ သေချာတယ်… သူက ငါတို့အသင်း လိုအပ်နေတဲ့ ခေါင်းဆောင်မှုပိုင်းနဲ့ တည်ငြိမ်မှုအပိုင်းကို ယူလာပေးလိမ့်မယ်…”