လက်ရှိဘောလုံးရာသီမှာ ဂျာဂင်ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမတွေ့သေးသလို သရေပွဲတစ်ပွဲသာ ရှိခဲ့တာကို အားလုံးလဲ သိရှိကြမှာပါ။ လီဗာပူးလ်အသင်းဟာ ၂၆ပွဲကစားထားရာမှာ ၂၅ပွဲကို အနိုင်ယူထားခဲ့ပြီး ယူနိုက်တက် အသင်းနဲ့ ပထမအကျော့ပွဲစဉ်တစ်ပွဲတည်းကိုသာ သရေကျထားတဲ့ အသင်းဖြစ်ပြီး ဒုတိယ နေရာက မန်စီးတီးအသင်းကို ၂၂မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် မကြာခင်မှာပဲ ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်ဖို့ ရှိနေပါတယ်။

Photo Credit: Metro.com

လီဗာပူးလ်အသင်း အခုလို နိုင်ပွဲတွေဆက် စံချိန်အသစ်တွေ အဆက်မပြတ်တင်နေတာဟာ ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ ယူနိုက်တက် ၊ အဲဗာတန်အသင်းတို့အတွက် မရှုစိမ့်စရာ ဖြစ်နေခဲ့ပြီး အဆိုပါအသင်းတွေကို အားပေးတဲ့ ပရိသတ်တွေဟာလည်း လီဗာပူးလ်အသင်းကို ကြည့်မရဖြစ်နေကြပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းကို ကြည့်မရတဲ့သူတွေအစား ကလော့ပ်ထံကို လီဗာပူးလ်အား ရှုံးပွဲတွေ့ကြုံအောင် ကိုင်တွယ်ပေးဖို့ တောင်းဆိုခဲ့သူတစ်ဦး ပေါ်ထွက်လာပါပြီ။ အဲ့ဒီသူကတော့ အသက် ၁၀နှစ်အရွယ် ယူနိုက်တက်ပရိသတ်လေး ဒရက် ကာလေပဲ ဖြစ်ပါတယ်။

 

Photo Credit: Metro.com

အသက်၁၀နှစ်သာ ရှိသေးတဲ့ ကာလေက သူဟာ ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်ကာ လီဗာပူးလ်အသင်းရဲ့ နိုင်ပွဲတွေကို တွေ့ရတာ အလွန်ကို စိတ်မကောင်းဖြစ်ရကြောင်းနဲ့ လီဗာပူးလ်ဟာ နောက်ထပ် ကိုးပွဲသာနိုင်ခဲ့ရင် ပရီးမီးယားလိဂ်မှာ အချိန်အကြာဆုံး ရှုံးပွဲမရှိတဲ့ အသင်းဖြစ်သွားမှာကို သူမလိုလားကြောင်းနဲ့ ရှုံးပွဲတွေ့အောင် လုပ်ပေးဖို့ ကလော့ပ်ထံကို စာရေးသား ပေးပို့ကာ တောင်းဆိုသွားတာပါ။ ကာလေရဲ့စာအတွက် လီဗာပူးလ်နည်းပြ ကလော့ပ်ကလဲ ပြန်စာပေးပို့ခဲ့ပြီး စာထဲမှာတော့ သူဟာ လီဗာပူးလ်နည်းပြဖြစ်တာကြောင့် ကာလေရဲ့ တောင်းဆိုမှုကို လိုက်လျောပေးလို့မရကြောင်းနဲ့ ကာလေလို ပရိသတ်တစ်ဦးကို ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်အသင်းအတွက်လဲ ဂုဏ်ယူပါတယ် လို့ ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။