ယနေ့မနက်မှာ ကစားခဲ့တဲ့ လူတန်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ကာရာဘောင်း ဖလားပွဲစဉ် မှာတော့ မန်ယူအသင်းဟာ အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ် ပြီးဆုံး သွားချိန်မှာတော့ မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေဟာ လူမှုကွန်ယက် စာမျက်နှာတွေပေါ် ကနေ လူတန်အသင်းနဲ့ ပွဲမှာ အကောင်းဆုံး ကစားသွားနိုင်ခဲ့တဲ့ နောက်ခံလူ ဘိုင်လီနဲ့ လူငယ် ဂိုးသမား ဟန်ဒါဆန်တို့ကို လာမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းရဲ့ ဦးစားပေး ကစားသမားတွေ ဖြစ်တဲ့ လင်ဒီလော့ဖ်နဲ့ ဒီဂီယာတို့ အစား ပွဲထွက်ခွင့် ပေးဖို့ နည်းပြ ဆိုးလ်ရှားကို တောင်းဆို ခဲ့ကြပါတယ်။

Photo Credit: Mirror

လူတန်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ မန်ယူအသင်းဟာ အရန် ကစားသမား အတော်များများကို အသုံးပြု သွားခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန်ကို ရောက်မှသာ အသင်းရဲ့ အဓိက ကစားသမားတွေ လို့ ဆိုရမယ့် ရက်ဖို့ဒ် ၊ ဂရင်းဝုဒ် ၊ ဖာနန်ဒက်တို့ကို ထည့်သွင်း အသုံးပြုခဲ့တာပါ။ မန်ယူအသင်း အတွက် သွင်းဂိုးတွေကို တော့ ပွဲချိန် ၄၄မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် မာတာ ၊ ပွဲချိန် ၈၈ မိနစ်မှာ ရက်ဖို့ဒ်နဲ့ ပွဲချိန် ၉၀ မိနစ်တို့မှာ ဂရင်းဝုဒ်တို့က အသီးသီး သွင်းယူ ပေးခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်မှာ သွင်းဂိုးတွေ မသွင်းယူ နိုင်ခဲ့ကြပေမယ့် ပရိသတ်တွေရဲ့ အသိအမှတ် ပြုမှုကို ရရှိခဲ့တဲ့ ကစားသမားတွေ ကတော့ ဗဟို နောက်ခံလူ ဘိုင်လီနဲ့ လူငယ် ဂိုးသမား ဟန်ဒါဆန်တို့ပဲ ဖြစ်ကြပါတယ်။

Photo Credit: Mirror

မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ လူတန်အသင်းနဲ့ ပွဲစဉ်မှာ အသင်းရဲ့ ဗဟိုခံစစ် အတွဲအဖြစ် ဘိုင်လီနဲ့ မက်ဂွိုင်းယားတို့ကို အသုံးပြုခဲ့ပြီး ဘိုင်လီဟာ ဘောလုံးရှင်းထုတ်မှု ၁၀၀ ရာခိုင်နှုန်း အောင်မြင်တဲ့အထိ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအသင်း အတွက် ပထမဦးဆုံး ကစားခွင့် ရခဲ့တဲ့ လူငယ် ဂိုးသမား ဟန်ဒါဆန်ဟာလည်း ပွဲချိန် ၈၀ မိနစ် ဝန်းကျင်မှာ လူတန်အသင်း ရရှိခဲ့တဲ့ အပိုင် အခွင့်အရေး တစ်ခုကို လျင်မြန်စွာ ကာကွယ် နိုင်ခဲ့တာကြောင့် သူ့ရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့တယ် လို့ ဆိုရမှာပါ။ လက်ရှိမှာတော့ မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေဟာ ဘိုင်လီနဲ့ ဟန်ဒါဆန်တို့ရဲ့ ကစားပုံအပေါ် ကျေနပ်မှုတွေ ရှိနေကြပြီး လာမယ့် စနေနေ့ည ၆နာရီမှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ အဝေးကွင်း ပွဲစဉ်မှာ ဘိုင်လီနဲ့ မက်ဂွိုင်းယား အတွဲကို ထပ်မံ အသုံး ပြုကာ အသင်းရဲ့ အဓိက ဂိုးသမား ဒီဂီယာရဲ့ နေရာမှာ ဟန်ဒါဆန်ကို အစားထိုး အသုံးပြု စေချင်ကြောင်း လူမှုကွန်ယက်တွေ ပေါ်မှာ ပြောဆို နေကြပါတယ်။