MySport Myanmar

ကစားသမားဟောင်း ဂနာချိုကို မန်ယူကနေ ပြန်လည် ခေါ်ယူချင်နေတဲ့ အသက်လက်တီကို

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းလေး အလက်ဂျန်ဒရိုဂနာချိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ ပြန်လည် ခေါ်ယူသွားချင်နေပြီး ကစားသမားနဲ့ ယူနိုက်တက်အသင်းတို့ကြားက စာချုပ်အခြေအနေကို စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၁၈)နှစ်အရွယ်ရှိ ဆယ်ကျော်သက် အာဂျင်တီးနား လူငယ်ကစားသမားလေး ဂနာချိုဟာ ၂၀၁၅ခုနှစ်မှာပဲ ဂီတာဖေး လူငယ်အကယ်ဒမီကနေ အသက်လက်တီကို လူငယ်အကယ်ဒမီဆီ ရောက်ရှိလာခဲ့ပြီး အသက်လက်တီကို လူငယ်အသင်းမှာ (၅)နှစ်နီးပါး ကျင်လည်ပြီးချိန်မှ ၂၀၂၀မှာပဲ ယူနိုက်တက်အသင်းဆီ ပေါင်(၄)သိန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ယူနိုက်တက် လူငယ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဂနာချိုကို ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ယူနိုက်တက် အသင်းကြီးမှာ ကစားခွင့်တွေ ပေးလာခဲ့ပြီး ဂနာချိုကိုယ်တိုင်ကလည်း ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ကာ ဒီရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၁၃)ပွဲ ကစား (၂)ဂိုးသွင်း (၄)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဂနာချိုဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိသာ စာချုပ်သက်တမ်း ရှိနေတာဖြစ်လို့ ယူနိုက်တက်ဘက်က ဂနာချိုကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေသလို သူရဲ့အသင်းဟောင်း အသက်လက်တီကိုကပါ ပြန်လည် ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပါတယ်။ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်တဲ့ ဂနာချိုဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းအတွက်ကိုသာ အာရုံစိုက်နေပြီး ယူနိုက်တက်မှာပဲ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားနိုင်ဖို့ ပစ်မှတ်ထားလျက် ရှိနေပေမယ့် တကယ်လို့ စာချုပ်သက်တမ်းတိုးမဲ့ ကိစ္စရပ်တွေသာ အဆင်မပြေ ဖြစ်လာခဲ့မယ်ဆိုရင် အသင်းအပြောင်းအလဲ လုပ်ဆောင်လာနိုင်တဲ့အတွက် ဒီအခြေအနေကို အသက်လက်တီကိုဘက်က စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂနာချိုက ယူနိုက်တက်ကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင်တောင် သူ့အသင်းဟောင်း အသက်လက်တီကိုအသင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ထက် အသက်လက်တီကိုရဲ့ ခါးသီး မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းဆီကိုသာ ပြောင်းရွှေ့သွားဖွယ် ရှိနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဂနာချိုဟာ ယူနိုက်တက်မှာ ဆက်လက် ရှိနေဖို့ကိုသာ ဦးစားပေး အာရုံစိုက်ထားပြီး ယူနိုက်တက်ကလည်း ဂနာချိုကို ကာလရှည် သက်တမ်းတိုးသွားဖို့ အသေအချာ ပြင်ဆင်လို့နေပါတယ်။

Exit mobile version