MySport Myanmar

နော်တင်ဟမ်ကို ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ခဲ့သူ ဂျိမ်းစ်ဂါနာကို လက်စတာနဲ့အဗာတန်တို့ စိတ်ဝင်စားနေ

ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ (၂၃)နှစ်လောက်အထိ ဝေးကွာလို့နေတဲ့ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်ကစားသမား ဂျိမ်းစ်ဂါနာကို လက်ရှိမှာ ပရီးမီးယားလိဂ်က ကလပ်အသင်းတွေဖြစ်တဲ့ လက်စတာနဲ့ အဲဗာတန်အသင်းတွေကနေ စိတ်ဝင်စားနေတာကြောင့် ဂါနာအနေနဲ့ နော်တင်ဟမ်မှာ ဆက်နေမလား သူရဲ့မူရင်းကလပ် မန်ချက်စတာယူနိုက်တက်ဆီပဲ ပြန်သွားမလား လက်စတာ ဒါမှမဟုတ် အဲဗာတန်အသင်းတွေဆီ ပြောင်းရွှေ့မလားဆိုတာ စဉ်းစားရပါတော့မယ်။

Photo Credit : Manchester Evening News

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ယူနိုက်တက် လူငယ်အကယ်ဒမီမှာ အသက်(၁၀)နှစ် မပြည့်သေးခင်ကတည်းက ပါဝင်ခဲ့တာဖြစ်ပြီး (၁၅)နှစ် မတိုင်ခင်အထိ ဗဟိုခံစစ်ကစားသမားအဖြစ် ကစားခဲ့ရာကနေ နောက်ပိုင်းမှာ ကွင်းလယ်ပိုင်းကို ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် စီနီယာအသင်းအတွက် (၇)ပွဲသာ ကစားထားခဲ့ဖူးတဲ့ ဂါနာဟာ ဝက်ဖို့ဒ်အသင်းနဲ့ နော်တင်ဟမ်အသင်းတွေမှာ အငှားကစားသမားဘဝနဲ့ ကစားခဲ့ဖူးပြီး အခုလည်း နော်တင်ဟမ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့သလို အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်ခဲ့ပါတယ်။

Photo Credit : Football365

နော်တင်ဟမ်မှာ (၂)ရာသီဆက်တိုက် အငှားသွားရောက်ကစားခဲ့တဲ့ အင်္ဂလန်ယူ-၂၁ ကစားသမား ဂါနာဟာ လက်ရှိမှာတော့ နော်တင်ဟမ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာပါ ဆက်လက်ဖြတ်သန်းသွားဖို့ ဆန္ဒရှိနေတဲ့အပြင် သူရဲ့မူလကလပ်အသင်းဖြစ်တဲ့ ယူနိုက်တက်ကလည်း လူငယ်ကစားသမားတွေကို ပွဲထုတ်လေ့ရှိတဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်နဲ့ လက်တွဲထားတာကြောင့် တန်ဟက်ဂ်အနေနဲ့ ဂါနာကို အသင်းနဲ့ ပူးပေါင်းခိုင်းမလားဆိုတာကလည်း ဂါနာအတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ ဂါနာဟာ လက်ရှိမှာ ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းရတော့မှာ ဖြစ်ပေမယ့်လည်း သူနဲ့ ယူနိုက်တက်တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့်ဇွန်လကုန်မှာပဲ ကုန်ဆုံးရတော့မှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ဂါနာရဲ့ စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်မလားဆိုတာကိုလည်း အလျင်အမြန် ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂါနာကို လက်စတာ အဲဗာတန်အသင်းတို့ကပါ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေတာဖြစ်လို့ ဂါနာအနေနဲ့ကလည်း သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို အမြန်အဆန် ချမှတ်သွားရတော့မှာ ဖြစ်ပါတယ်။

Exit mobile version