ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့နောက် အေဂျက်ရဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ခေါ်ယူဖို့ တဖန် ကြိုးပမ်းလာခဲ့ကြောင်း ဘရာဇီးလ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒို ၊ ရက်ဖို့ဒ် ၊ မာရှယ် ၊ ဆန်ချို ၊ ဂရင်းဝုဒ် စတဲ့ တိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် မာရှယ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ အနာဂတ်ဟာ မရေရာတော့သလို အသက်အရွယ် ရလာတဲ့ ရိုနယ်ဒိုရဲ့ ခြေစွမ်းပိုင်းကလည်း ယုံကြည် စိတ်ချရတဲ့ အနေအထား တရပ်မှာ မရှိတော့တာကြောင့် တိုက်စစ်ပိုင်း အတွက် အားကိုးရမယ့် ကစားသမားကောင်း တဦးကို ခေါ်ယူဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်နဲ့အတူ အေဂျက်မှာ လက်တွဲခဲ့ဖူးတဲ့ ထိပ်တန်း တိုက်စစ်ကစားသမားကောင်း တဦး ဖြစ်သလို တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် တောင်ပံတိုက်စစ် ကစားသမား ဆိုရင်လည်း မမှားပါဘူး။

ဒါကြောင့်ပဲ တန်ဟက်ဂ်က တိုက်စစ်ပိုင်း အတွက် နူနက်ဇ်ကို ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်တော့ချိန်မှာ အန်တိုနီကို ခေါ်ယူပေးဖို့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပြီး တန်ဟက်ဂ်က အန်တိုနီကို ညာတောင်ပံမှာ အဓိကထား အသုံးပြုကာ မားကပ် ရက်ဖို့ဒ်ကို အထောင်တိုက်စစ်မှူး နေရာမှာ ပြောင်းလဲ သုံးစွဲဖို့ ကြံရွယ်နေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အန်တိုနီရဲ့ ကိုယ်စားလှယ်တွေက ဥရောပတိုက်ဆီ ခရီးထွက်လာကာ မန်ချက်စတာ ယူနိုက်တက်နဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အန်တိုနီရဲ့ အပြောင်းအရွှေ့ အတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေကာ အန်တိုနီရဲ့ ပြောင်းရွှေ့ကြေးက ယူရို ၆၀သန်း ဝန်းကျင် ရှိနိုင်ကြောင်း သိရပါတယ်။

အန်တိုနီကလည်း သူ့ရဲ့ ဆရာ တန်ဟက်ဂ်နဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေပြီး အေဂျက်က တန်ဟက်ဂ်ကို နှုတ်ဆက်ခဲ့တဲ့ ဗွီဒီယိုဖိုင်မှာ အန်တိုနီက တန်ဟက်ဂ်ကသာ သူ့ကို အလိုရှိရင် တန်ဟက်ဂ်ဆီ ပြေးလာခဲ့မယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။