မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် လက်ရှိမှာလည်း ဝေးလ်စ်လက်ရွေးစင် ဘောလုံးအသင်းရဲ့နည်းပြတစ်ယောက်အဖြစ် တာဝန်ယူကိုင်တွယ်နေတဲ့ ဝေးလ်စ်တောင်ပံ ကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်ဟာ သူရဲဲ့အသင်းဟောင်း ယူနိုက်တက်အသင်းအတွက် ခေါ်ယူသင့်တဲဲ့ ကစားသမားအဖြစ် ဒင်နီရယ်ဂျိမ်းစ်ကို ညွှန်ပေးခဲ့သလို အခုလည်း သူရဲ့ဝေးလ်စ်လက်ရွေးစင်အသင်းရဲ့ နောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ ဂျိုးရိုဒွန်ကို လာမယ့်နွေရာသီစျေးကွက်မှာ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Youtube

ယူနိုက်တက်တောင်ပံကစားသမားဟောင်း ရိုင်ယန်ဂစ်ဟာ သူနဲ့အတူ ယူနိုက်တက်မှာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဆိုးလ်ရှားက လက်ရှိမှာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်နေချိန် အသင်းအတွက် ခေါ်ယူသင့်တဲ့ ကစားသမားအဖြစ် ဆွမ်ဆီးအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဝေးလ်လူငယ်ကစားသမားလေး ဒင်နီရယ်ဂျိမ်းစ် ညွှန်းပေးခဲ့လို့ ယူနိုက်တက်လည်း အသင်းဆီ ခေါ်ဆောင်ခဲ့ရာ အသင်းအတွက် အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အခုလည်း ဂစ်ဟာ အသက်(၂၂)နှစ်သာရှိသေးတဲ့ ဝေးလ်စ်နောက်ခံလူ ဂျိုးရိုဒွန်ကို ခေါ်ယူဖို့အတွက် အကြံပြုပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ရိုဒွန်ဟာ ဗဟိုခံစစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ဝေးလ်စ်အခြေစိုက် ပရီးမီးယားလိဂ် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဆွမ်ဆီးအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး ဆွမ်ဆီးလူငယ်အသင်းကနေ တဖြည်းဖြည်းနဲ့ စီနီယာအသင်းကြီးဆီကို ရောက်ရှိလာခဲ့သူလည်းဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းရဲ့ အဓိကနောက်ခံကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ရိုဒွန်ကို ယူနိုက်တက်နဲ့အပြိုင် မန်စီးတီးအသင်းကနေလည်း စိတ်ဝင်တစားရှိလို့နေပြီး ဒီလို အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လို့နေချိန်မှာ ရိုဒွန်ကို အရခေါ်ယူနိုင်ဖို့ အသင်းဟောင်းဆီကို ရိုင်ယန်ဂစ်ဘက်ကနေ တိုက်တွန်းပြောဆိုလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းကနေ စမောလင်း ဖီးလ်ဂျုံး ရိုဟိုတို့လို နောက်ခံကစားသမားတွေကို ရှင်းထုတ်သွားဖွယ်ရှိနေတာကြောင့် သူတို့တွေရဲ့နေရာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀)လောက်နဲ့သာ အသုံးပြုခေါ်ဆောင်နိုင်တဲ့ ရိုဒွန်ကို ကမ်းလှမ်းလာနိုင်ပါတယ်။