ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ ညာနောက်ခံ နေရာမှာ အားထားရတဲ့ ကစားသမား အဖြစ် ဝမ်ဘစ္စကာ တစ်ဦးထဲသာ ရှိနေတာကြောင့် အဆိုပါ နေရာကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ချင် နေပြီး လက်ရှိမှာတော့ စပိန် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းမှာ ကစားနေတဲ့ အင်္ဂလန် နောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာ ခံစစ် ကစားသမား အများအပြားကို ပိုင်ဆိုင် ထားပေမယ့် အများစုဟာ ဗဟိုခံစစ် ကစားသမားတွေ ဖြစ်သလို လူငယ် ခံစစ် ကစားသမား ဘရန်ဒန် ဝီလီယံရဲ့ ခြေစွမ်းဟာလည်း ဘစ္စကာကို မမှီသေးတာကြောင့် ဘစ္စကာကို ဖိအားပေးနိုင်ဖို့ အတွက် ခြေစွမ်းကောင်းမွန်တဲ့ ကစားသမား တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။

Photo Credit: Mirror

အသက် ၃၀အရွယ် ရှိနေတဲ့ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ထရစ်ပီယာဟာ ယခင်က နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်းမှာ ကစားခဲ့သူ တစ်ဦး ဖြစ်ပြီး ၂၀၁၉ခုနှစ်ကမှ စပါးအသင်း ကနေ အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၉.၈သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ထရစ်ပီယာဟာ အင်္ဂလန်မြေ ကနေ စပိန်မြေထံ ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်ပေမယ့် အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အဓိက ညာနောက်ခံလူ တစ်ဦး ဖြစ်နေပြီး လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲအထိ ပါဝင် ကစားပေးထားကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ မန်ချက်စတာ ညနေခင်း သတင်းစာ အပါအဝင် ယုံကြည် စိတ်ချရတဲ့ သတင်းဌာန အများစုက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ထရစ်ပီယာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စား နေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထရစ်ပီယာကို ကမ်းလှမ်းမှု ပြုလုပ်ဖွယ် ရှိကြောင်း သိရပါတယ်။ ထရစ်ပီယာဟာ လက်ရှိမှာ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အဓိက ညာနောက်ခံလူ ဖြစ်နေပေမယ့် အင်္ဂလန် ပရီးမီးယားလိဂ်ဆီကို ပြန်လည် ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေသလို အက်သလက်တီကို မက်ဒရစ် အသင်းဘက်ကလည်း ထရစ်ပီယာအတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရပါက ထရစ်ပီယာကို ရောင်းချသွားနိုင်ကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားပါတယ်။ ထရစ်ပီယာရဲ့ လက်ရှိ တန်ကြေးဟာ ပေါင် ၁၆သန်း ဝန်းကျင် ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ထရစ်ပီယာကို ပြောင်းရွှေ့ကြေး ပေါင်၂၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းပါက ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။