ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ငယ်စဉ်ကတည်းက အသင်းရဲ့ အမာခံ ပရိသတ် ဖြစ်သူ စပိန်လာလီဂါ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အင်္ဂလန် ညာနောက်ခံလူ ထရစ်ပီယာကို ခေါ်ယူဖို့ စတင် လှုပ်ရှားလာကြောင်း နာမည်ကြီး ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ဖြစ်သူ ထရစ်ပီယာဟာ မန်ချက်စတာမြို့ ဇာတိ ဖြစ်ပြီး ငယ်စဉ်က မန်ချက်စတာ ယူနိုက်တက်အသင်းကို အားပေးခဲ့ကာ သူ့ရဲ့ မိသားစုဝင်တွေဟာ လက်ရှိအချိန်အထိ မန်ချက်စတာမြို့မှာ နေထိုင်နေဆဲ ဖြစ်သလို မိသားစုဝင် အများစုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ်တွေပဲ ဖြစ်ပါတယ်။

Photo Credit: AS English

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ညာနောက်ခံ နေရာမှာ ဘစ္စကာ တဦးထဲသာ အားကိုးလို့ ရတဲ့ အနေအထားကြောင့် ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး ထရစ်ပီယာဟာ သူတို့အသင်းရဲ့ နံပါတ်တစ်ပစ်မှတ် ဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၀အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ထရစ်ပီယာဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် အထိ ကျန်ရှိနေသေးပေမယ့် ငယ်စဉ်ကတည်းက သူ အားပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေသလို အက်သလက်တီကို မက်ဒရစ်အသင်းကလည်း အသက်အရွယ် ရလာတဲ့ ထရစ်ပီယာကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ် ရပါက ရောင်းချဖို့ အသင့် ပြင်ထားပါတယ်။

Photo Credit: AS English

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ထဲက ထရစ်ပီယာကို ခေါ်ယူဖို့ မျက်စိကျခဲ့တာ ဖြစ်ပြီး ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာတော့ ထရစ်ပီယာကို အရ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ထရစ်ပီယာအတွက် ပထမဦးဆုံး ကမ်းလှမ်းမှုကို ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်းခန့်နဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိထားရပြီး အက်သလက်တီကို မက်ဒရစ်အသင်း ကတော့ ထရစ်ပီယာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း ဝန်းကျင် အလိုရှိနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ထရစ်ပီယာအတွက် မန်ချက်စတာ ယူနိုက်တက်က ပေးချေချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းက လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ပမာဏဟာ များစွာ ကွာဟခြင်း မရှိသလို ထရစ်ပီယာအနေနဲ့ မိသားစုဝင်တွေ ရှိတဲ့ မန်ချက်စတာမြို့ကို ပြန်ချင်နေတာကြောင့် ဒီအပြောင်းအရွှေ့ဟာ ခပ်မြန်မြန် ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။