အေးဂျင့်ဖြစ်သူ မီနိုရွိုင်အိုလာရဲ့ တိုက်တွန်းပြောဆိုမှုတွေကြောင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ထက် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကိုသာ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ပေါလ်ပေါ့ဘာရဲ့ နေရာအတွက် နောက်ထပ် ပြင်သစ်ကစားသမားတစ်ဦးဖြစ်တဲ့ မိုနာကိုအသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ချူအာမန်နီကို ပစ်မှတ်ထားနေတယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားလေး ချူအာမန်နီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပသွားခဲ့တဲ့ UEFA Nations League ပြိုင်ပွဲအတွင်းမှာ ပြင်သစ်အသင်းနဲ့အတူ ပွဲထွက်ကစားခဲ့ရတဲ့အပြင် Nations League ချန်ပီယံဆုဖလားကြီးကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ အရည်အသွေးပြည့် လူငယ်ကစားသမားလေး ဖြစ်ပါတယ်။ ဘော်ဒိုးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ချူအာမန်နီဟာ ၂၀၂ဝခုနှစ် ဇန်နဝါရီလမှာပဲ မိုနာကိုအသင်းဆီကို (၄)နှစ်ခွဲစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ် သြဂုတ်လမှာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ရွေးချယ််မှုကို ခံခဲ့ရသလို (၂)လအကြာမှာပဲ လက်ရွေးစင်အသင်းနဲ့အတူ ဆုဖလားတစ်ခုကိုပါ ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

စပိန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ UEFA Nations League ဖိုင်နယ်ပွဲစဉ်အတွင်းမှာ ချူအာမန်နီဟာ သူရဲ့စီနီယာကစားသမားဖြစ်တဲ့ ပေါ့ဘာနဲ့အတူ ပြင်သစ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ တွဲဖက်ကစားခဲ့ရတာဖြစ်ပြီး ခြေစွမ်းလည်း ပြသနိုင်ခဲ့သလို အသင်းနဲ့ပါ ချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် သူ့ကို ကလပ်အသင်းများစွာက မျက်စိကျလာခဲ့ပြီး ယူနိုက်တက်အသင်းက စိတ်အဝင်စားဆုံး ဖြစ်လို့နေပါတယ်။ ယူနိုက်တက်အသင်းက ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကွင်းလယ်ကစားသမား ပေါ့ဘာကို သက်တမ်းတိုးဖို့ ကြိုးပမ်းလျက်ရှိနေသလို ကမ်းလှမ်းမှုတွေကိုလည်း လုပ်ဆောင်ထားခဲ့ပေမယ့် ပေါ့ဘာဘက်ကနေ အကြောင်းပြန်ထားခြင်း မရှိသေးတာကြောင့် ပေါ့ဘာကိုသာ လက်လွတ်ရမယ်ဆိုရင် သူရဲ့နေရာအတွက် ချူအာမန်နီနဲ့ ပြန်လည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပေါ့ဘာနေရာအတွက် ဒက်ကလန်ရိုက်စ် ဖရန့်ကတ်ဆေးနဲ့ ချူအာမန်နီတို့ကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။