ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ခံစစ်ပိုင်း ကို အင်အားဖြည့်တင်းဖို့ အတွက် စပိန်လာလီ​ဂါ ကလပ်အသင်း တစ်ခု ဖြစ်တဲ့ ဗီလာရီးရဲလ် အသင်းရဲ့ ဗဟိုခံစစ်မှူး ပေါလ် တောရက်စ်ကို ခေါ်ယူဖို့ မျက်စိကျလာတယ်လို့ ဥရောပ သတင်းမီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။ မန်ယူ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေး ပေါင် ၈၀ သန်းနဲ့ ခေါ်ယူထားခဲ့ပေမယ့် သူတို့အသင်းရဲ့ နောက်တန်း အင်အားကို အားမရသေးဘူးလို့ သိရပြီး စမောလင်း ၊ ဖီးလ်ဂျုံးစ် ၊ ရိုဂျို ၊ ဘိုင်လီ စတဲ့ ဗဟိုခံစစ်မှူးတွေကို ရောင်းချကာ ရရှိလာတဲ့ ငွေကြေးနဲ့ ပေါလ်တောရက်စ်ကို ခေါ်ယူဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

Photo Credit: United in Focus

မန်ယူအသင်းနည်းပြ ဖြစ်သူ ဆိုးလ်ရှားဟာ အသင်းရဲ့ ခံစစ်ပိုင်းကို ပိုမို တောင့်တင်းလာစေဖို့ အတွက် ဘယ်သန် ဗဟိုခံစစ်မှူး တစ်ဦးကို ခေါ်ယူလိုနေတာ ဖြစ်ပြီး ဘုန်းမောက်အသင်းရဲ့ အသင်းခေါင်းဆောင် နသန်အကီကို ခေါ်ယူဖို့ ပစ်မှတ် ထားနေခဲ့ပေမယ့် လက်ရှိမှာ အကီကို မန်စီးတီးအသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေတာကြောင့် တောရက်စ်ဘက်ကို မြှားဦးလှည့်လာတာပဲ ဖြစ်ပါတယ်။ အသက်၂၃နှစ်အရွယ် စပိန် ခံစစ်မှူး တောရက်စ်ဟာ အရပ်အမြင့် ၆ပေ ၂လက်မ ရှိသလို ဘယ်သန်ခံစစ်မှူး တစ်ဦး ဖြစ်တာကြောင့် မန်ယူအသင်း အလိုရှိနေတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံသူ တစ်ဦး ဖြစ်ပြီး သူဟာ လက်ရှိ လာလီဂါ ဘောလုံးရာသီမှာ အသင်းအတွက် ၃၄ပွဲအထိ ပါဝင် ကစားပေးခဲ့ကာ ၂ဂိုးသွင်း ၁ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit: United in Focus

နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ The Times သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူ အသင်းဟာ တောရက်စ်ကို ခေါ်ယူဖို့ မျက်စိကျ နေကြောင်း သိရပြီး မကြာခင် ရက်ပိုင်းအတွင်းမှာပဲ တောရက်စ်ကို ပေါင် ၄၅သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။ ဒါ့အပြင် မန်ယူအသင်းက တောရက်စ်ဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ် ခံစစ်မှူးတွေထဲက တစ်ဦး အဖြစ် ယူဆနေပြီး တောရက်စ် မတိုင်မီမှာ အဲရစ်ဘိုင်လီကိုလည်း ဗီလာရီးရဲလ်အသင်း ကနေ ခေါ်ယူဖူးတာကြောင့် မန်ယူအသင်းနဲ့ ဗီလာရီးရဲလ်အသင်းတို့ရဲ့ ကြားမှာ ကောင်းမွန် တဲ့ ဆက်ဆံရေးတွေ ရှိကြောင်းလည်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ လက်ရှိမှာ မန်ယူအသင်းနဲ့ သတင်း ထွက်ပေါ်နေတဲ့ အခြားခံစစ်မှူးတွေ ကတော့ အူပါကာမီနို ၊ နသန်အကီ ၊ တိုင်ရွန်မင်းစ်တို့ပဲ ဖြစ်ပါတယ်။